၅. ၁၂. ၂၀၂၄
Translated by Tha Doe
မြန်မာနိုင်ငံ၊ ကချင်အထူးဒေသ (၁) က အဓိကထွက်ရှိတဲ့ မြေရှားသတ္တုထွက်ရာဒေသကို သူပုန်လက်နက်ကိုင် KIA တိုက်ခိုက် သိမ်းပိုက်မှုကြောင့် မြေရှားသတ္တု ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်သွားခဲ့တယ်လို့ ကမ္ဘာ့သတင်းတွေမှာ ဖော်ပြလာပါတယ်။
KIA ရဲ့ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် မြေရှားစျေးနှုန်း မြင့်တက်လာတဲ့အပြင် ဒီလို မရှိမဖြစ်လိုအပ်တဲ့ ဓာတ်သတ္တု ရရှိနိုင်မှုအပေါ် စိုးရိမ်မှု မြင့်တက်လာစေခဲ့စေတဲ့အပြင် လက်နက်ကိုင်ပဋိပက္ခဟာ မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်မှုနဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ စိုးရိမ်မှုတွေကို မီးမောင်းထိုးပြခဲ့တဲ့အခြေအနေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။
ကမ္ဘာ့မြေရှားစျေးကွက်ထဲကို အဓိကတင်ပို့နေတဲ့ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုထွက်ရာမိုင်းတွင်းတွေရှိတဲ့ ကချင်အထူးဒေသ (၁) နယ်မြေတွေနဲ့ ကုန်သွယ်မှုအချက်အခြာဖြစ်တဲ့ ကန်ပိုင်တည်မြို့ကို KIA တိုက်ခိုက်သိမ်းယူနေတဲ့ နိုဝင်ဘာလတစ်လျှောက်လုံးဟာလည်း ကမ္ဘာ့မြေရှားစျေးကွက်ကို ပြဿနာများစွာရိုက်ခတ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စျေးကွက်ထဲက မြေရှားသတ္တုရရှိနိုင်မှုဟာ ထူးထူးခြားခြားရိုက်ခတ်မှုမရှိသေးပေမဲ့ လစဥ်အညွှန်းကိန်းအရ ကမ္ဘာ့စျေးကွက် သတ္တုဝင်ရောက်မှု အနည်းငယ် ကျဆင်းလာတာမြင်ရသလို KIA ကသာ မြေရှားသတ္တုတွင်းတွေ ဆက်လက်ထိန်းချုပ်ထားရင် ကမ္ဘာ့ဈေးကွက်ကလည်း ဈေးနှုန်းမြင့်တက်မှုနဲ့ မတည်ငြိမ်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ သို့ပေမယ့်လည်း တရုတ်နိုင်ငံရဲ့မြေရှားဒြပ်စင် ပေါများလာမှုက စျေးကွက်အပေါ် သက်ရောက်နေတဲ့ ဖိအားတွေကို ကျဆင်းစေနိုင်ပေမဲ့လည်း လာမယ့် ဇန်နဝါရီမှာ ထရန့်အစိုးရက တရုတ်သွင်းကုန်အပေါ် အခွန်စည်းကြပ်မယ်ဆို ဒါကလည်း ပြောင်းလဲသွားနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံဆီ မြေရှားဒြပ်စင် (HREEs) တွေကို အဓိက ပံ့ပိုးပေးနေတဲ့ နိုင်ငံဖြစ်ပြီး စျေးကွက်ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ရှိနေတာပါ။ ပန်ဝါကအကြီးဆုံး မြေရှားသတ္တုတွင်း အပါအဝင် သတ္တုတူးဖော်ရေး နယ်မြေတွေကို KIA က သိမ်းပိုက်လိုက်တာကြောင့် သတ္တုတူးဖော်ရေး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားလိုက်ရတာဟာ ကမ္ဘာ့မြေရှားစျေးကွက်အပေါ် သက်ရောက်မှုအပြင် မြန်မာအစိုးရအတွက် ပိုင်နက်နယ်မြေထိန်းချုပ်မှုလျော့ကျတာနဲ့ ဝင်ငွေလမ်းကြောင်းပြတ်တောက်မှုကို ဖြစ်ပေါ်စေခဲ့ပါသေးတယ်။
၂၀၂၂ ခုနှစ် မေလနောက်ပိုင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်တင်ပို့မှု ရပ်ဆိုင်းသွားတာကြောင့် ကမ္ဘာ့စျေးနှုန်း မြင့်တက်လာနိုင်ပြီး ဥပမာအားဖြင့် မြေရှားဒြပ်စင် Dysprosium Oxide ဈေးဟာ တစ်ကီလို ၂၆၁၀ ယွမ် (၃၅၆ ဒေါ်လာ) အထိ ခုန်တက်သွားပြီး စေခဲ့သလို မရှိမဖြစ်လိုအပ်တဲ့ သတ္တု ရရှိနိုင်မှုနှင့် ပတ်သက်လို့ စိုးရိမ်မှု တိုးလာစေခဲ့ပါတယ်။
လက်ရှိမှာတော့ KIA ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဖောက်ဖျက်ပြီး သူသိမ်းယူထားတဲ့ ကချင်အထူးဒေသ (၁) ကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ထားသလို မြေရှားသတ္တုစျေးကွက်မှာလည်း တန်ဖိုးအမြင့်ဆုံးထဲက Terbium ဆိုရင် တစ်ကီလို ၁၄၀၀ ဒေါ်လာဝန်းကျင်ဖြစ်လာပြီး ၄ နှစ်အတွင်း ရာခိုင်နှုန်း ၁၀၀ ကျော် စျေးမြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် Gallium ဆိုရင်လည်း တစ်ကီလိုကို ဒေါ်လာ ၉၃၀ ကျော်လာပြီး တစ်နှစ်အတွင်း ၂၃ ရာခိုင်နှုန်းကျော် စျေးနှုန်းမြင့်တက်ခဲ့သလို အဆိုးဆုံးမြင့်တက်မှုတွေအဖြစ် Germanium စျေးနှုန်းက တစ်ကီလိုဂရမ်ကို ၄၀၆၃ ဒေါ်လာဖြစ်ပြီး ၄ နှစ်အတွင်း ၉၉ ရာခိုင်နှုန်းနီးပါးနဲ့ Hafnium ရဲ့ လက်ရှိစျေးနှုန်းက တစ်ကီလိုဂရမ်ကို ၄၃၇၄ ဒေါ်လာဖြစ်လာပြီး လေးနှစ်အတွင်း ရာခိုင်နှုန်း ၁၈၀ နီးပါး စျေးတက်ခဲ့သလို မြေရှားဒြပ်စင်အကုန် အတက်စျေးမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။
KIA သိမ်းယူလိုက်တဲ့ ကချင်အထူးဒေသ (၁) မှာ မြေရှားလုပ်ကွက်ပေါင်း ၃၀၀ ခန့်ရှိနေသလို ကမ္ဘာ့စျေးကွက်ကို နှစ်စဥ်ဒေါ်လာ သန်းရာချီတင်ပို့နေတယ်လို့ Global Witness အဖွဲ့က ၂၀၂၄ မေလ မှာထုတ်ပြန်ခဲ့သလို ဒီ ၃ နှစ်ကျော်အတွင်း မြေရှားသတ္တုတရားမ၀င်တင်ပို့ရောင်းချတာကနေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ ဝင်ငွေရခဲ့တယ်လို့ Global Witness က ပြောခဲ့ပါသေးတယ်။
မြေရှားမိုင်းတွင်းတွေကို KIA ထိန်းချုပ်အပြီးမှာ ဘာဆက်လုပ်မယ်ဆိုတာကို ထုတ်မပြောထားသေးပေမဲ့ မြေရှားထုတ်လုပ်တင်ပို့မှု ပြတ်တောက်တာဟာ ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားကို ဆက်လက် ထိခိုက်စေပြီး ဈေးနှုန်း တက်လာနိုင်ဖွယ်ရှိတာကြောင့်၊ မြေရှားကို အသုံးပြုရတဲ့ ပစ္စည်းတွေအပေါ်မှီခိုရတဲ့ စက်မှုလုပ်ငန်းတွေက အကျိုးသက်ရောက်မှုကိုလျှော့ချဖို့အတွက် အခြားအရင်းအမြစ်တွေကိုရှာဖွေတာ ဒါမှမဟုတ် ပြန်လည်အသုံးပြုတဲ့နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်မှာပါ။ မြေရှားဒေသကို KIA သိမ်းယူတာဟာ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေအတွက် ကြီးမားတဲ့ အကျိုးဆက်ရှိနေပြီး ဒီစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာတော့ တာဝန်သိတဲ့ အရင်းအမြစ်တွေနဲ့ ရေရှည်တည်တံ့တဲ့ အလေ့အကျင့်တွေ မြှင့်တင်ဖို့အတွက် နိုင်ငံတကာက ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်မှာပါ။
Ref , Metal Miner (Photo – KNG & Credit)