◾ စစ်ရှောင်များ အရေပြားယားယံ၍ အနာများလည်း ဖြစ်နေကာ ရိက္ခာလည်း ပြတ်တောက်နေ
◾ ရိုးမပေါ်မှ မိုင် ၆၀ ခန့်ကွာဝေးသော ကျေးရွာသို့ စစ်ရှောင်များအား အဖွဲ့လိုက် သေနတ်ဒင်ဖြင့် ထုနှက် ရိုက်ပုတ် ကန်ကျောက်၍ ခေါ်ဆောင်မှုများလည်းပြုလုပ်နေကြ
၄.၁၂.၂၀၂၄
Written By Zun
AA အဖွဲ့က တောင်ကုတ်မြို့ခံ စစ်ရှောင်လူပေါင်း ၇၀၀ ခန့်ကို ရခိုင်ရိုးမပေါ်တွင် လူသားဒိုင်းအဖြစ် စုဖွဲ့ဖမ်းဆီးထားသည်မှာ နှစ်ပတ်ကျော်ပြီဖြစ်ကြောင်း စစ်ရှောင်များ၏ မိသားစုဝင်များထံမှ MT News က စုံစမ်းသိရသည်။
အဆိုပါ စစ်ရှောင်များမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်ကပင် မြို့ပေါ်မှာ ပန်းတောင်း-တောင်ကုတ်လမ်း အတိုင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် ရန်ကုန်မြို့တို့ကို စစ်ရှောင်သွားရောက်ရန် ရိုးမပေါ်သို့ မော်တော်ကား ၊ ဆိုင်ကယ် ၊ တုတ်တုတ်(သုံးဘီး)တို့ဖြင့် သွားရောက်ခဲ့ကြရာ တပ်မတော် ဂိတ်စခန်းများက တားဆီးခြင်းများ မပြုလုပ်ဘဲ AA အဖွဲ့ အခြေချရာ ဂိတ်စခန်းရောက်မှ အဆိုပါစစ်ရှောင်များအား ရပ်တန့်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ရှောင်များတွင် ပါလာသည့် မော်တော်ကား၊ ဆိုင်ကယ်စသည်တို့ကိုလည်း AA က သိမ်းထားကာ အသုံးပြုနေကြပြီး ဆက်သွယ်ရေးအတွက် လက်ကိုင်ဖုန်းများကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။
“အခုက မိသားစုတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ မလွယ်ကူဘူး။ AA က တစ်နေ့တစ်မျိုး မရိုးရအောင် စိတ်ဒုက္ခပေး နေတာ။ ကျွန်မတို့အိမ်က မိဘတွေ ကျန်းမာရေးလည်း သိပ်မကောင်းကြဘူးဆိုတော့ စိတ်ပူတယ်။ သူတို့ (AA) က ရခိုင်အချင်းချင်းတောင် အခုလို စိတ်ဒုက္ခပေးနေတာ အံ့သြရတယ်။ သူတို့ ဒီလိုလုပ်ရင် တောင်ကုတ်ဒေသခံတွေရဲ့ ယုံကြည်မှုကို မရတော့ဘူး။ အခု AA ဆိုတာနဲ့ လူတိုင်းက သူခိုး၊ ဓားပြလို့ပဲ နာမည်တပ်ပြောနေကြပြီ”ဟု တောင်ကုတ်ဒေသခံတစ်ဦးက MT News ကို ပြောသည်။
AA အဖွဲ့က ရခိုင်ပြည်နယ် တောင်ပိုင်းသားများဖြစ်ကြသည့် တောင်ကုတ်ဒေသခံ အဆိုပါ စစ်ရှောင်များအား မြောက်ပိုင်းရခိုင်များနှင့် ခွဲခြားဆက်ဆံပြောဆိုရိုက်ပုတ်ခြင်း၊ သေနတ်ဒင်ဖြင့် ထုရိုက်ခြင်းများပြုလုပ်ကာ AA အဖွဲ့ ၏ လက်နက်များ၊ ရိက္ခာများ ထားရှိရာ ချောင်းသုံးခွ ကျေးရွာသို့ ပြောင်းရွှေ့နေကြောင်း၊ အဆိုပါ ချောင်းသုံးခွ ကျေးရွာမှာ မကြာသေးမီက လေကြောင်းမှဗုံးကြဲခြင်းခံထားရသော ကျေးရွာဖြစ်ပြီး AA အမာခံများ နေထိုင်စ ခန်းချရာ နေရာဖြစ်သည့်အတွက် တောင်ကုတ်မြို့ခံများအား လူသားဒိုင်းအဖြစ် ထပ်မံ လုပ်ဆောင်ရာ ရောက် ကြောင်း ဝေဖန်ပြောဆိုနေကြသည်ကို MT News က ဒီဇင်ဘာလ ၄ ရက်တွင် စုံစမ်းသိရှိရခြင်း ဖြစ်သည်။
“အခု လူပေါင်း ၆၇၀ ကျော်၊ ၇၀၀ လောက်ရှိတဲ့ စစ်ရှောင် တွေ ရောက်နေတဲ့ နေရာက တောင်ကုတ်မြို့နဲ့ မိုင် ၃၀ ကျော်လောက် ဝေးတဲ့ နေရာမှာလို့ ပြောသံကြားတယ်။အဲဒီထဲမှာ ကျွန်တော်တို့ မိသားစု ၄ စုလောက်ပါတယ်။ ဒါပေမဲ့ ဖုန်းခေါ်လို့ မရတော့ဘူး။ မြို့ပေါ်မှာ ကျန်နေတဲ့သူတွေ တချို့ ရှိသေးတယ်။ သူတို့ဆီက သိရတာကတော့ ချောင်းသုံးခွရွာကို ပြောင်းနေတယ်တဲ့။ ချောင်းသုံးခွ ဆိုတာက မြောက်ပိုင်း AA တွေ ရောက်နေတာ။ ဒီက တောင်ကုတ်မြို့ခံ စစ်စစ်တွေက ကြောက်တယ်လေ။ သူတို့(AA) ရှိတဲ့နေရာကို လေယာဉ်နဲ့ ဗုံးလာကြဲနေတာ။ ကျွန်တော်တို့က စစ်ရှောင်တွေကို ဘေးကင်းအောင် ကူညီပေးကြပါလို့တောင်းဆိုချင်တယ်”ဟု ပဲခူးတိုင်းဒေသကြီးတွင် စစ်ရှောင်နေသည့် တောင်ကုတ်မြို့ခံတစ်ဦးက ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် အမ်းမြို့၊ တောင်ကုတ်မြို့၊မောင်တောမြို့တို့တွင် တပ်မတော်နှင့် AA အဖွဲ့ တိုက်ပွဲ များ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း တပ်မတော် သတင်းရင်းမြစ်များက သိရသည်။
ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က ဘုရားကုန်းလုံခြုံရေးအဖွဲ့နှင့် စကခ ၅ မြောက်ဘက် ကာကင်းနေရာများကို AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်တိုက်ခိုက် ရှင်းလင်းခဲ့ရာ ညနေ ၆ နာရီခွဲခန့်ထိ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများကို ရင် ဆိုင် ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း၊ တောင်ကုတ် မွေးမြူရေးခြံအနီးမှ ပြန်လည်ထွက်ပြေးသွားသည့် ယင်း AA အဖွဲ့များကို လိုက်လံရှင်းလင်းခဲ့ရာ RPG တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြည်မသို့ စစ်ရှောင်ကြသည့် ရာနှင့်ချီသော သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များပါဝင်သည့် တောင်ကုတ် ဒေသခံများအား AA ကတားဆီးထား၍ ရခိုင်ရိုးမပေါ် တွင်သောင်တင်နေကြသည့်အတွက် မိသားစုဝင်များ စိတ် သောက ဖြစ်နေကြသည့်သတင်းကို MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။