၄. ၁၂. ၂၀၂၄
Written by Nay Moe
NUG ၊ PDF နဲ့ တော်လှန်ရေးဆိုပြီးပြောကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထောက်ခံကြောင်းလူမှုကွန်ရက်မှာ ရေးသားပြောဆိုမှုတွေနဲ့ အွန်လိုင်းပြောဆိုဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရမှု နှစ်စဥ်လျော့ကျနေပြီး ဒီနှစ်မှာ အောက်တိုဘာလအထိ စာရင်းတွေအရ ၃၅၁ ဦးသာရှိတော့တဲ့အထိ ထက်ဝက်နီးပါး ကျဆင်းလာတယ်လို့ Data For Myanmar က အစီရင်ခံပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ၂ဝ၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ဦးရေ သိသိသာသာများခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာ ဖမ်းဆီး မူတွေ လျော့ကျလာသလို ဩဂုတ်လကနေ အောက်တိုဘာလအတွင်း မြို့နယ် ၆၅ မြို့နယ်က အွန်လိုင်း အသုံးပြုသူ ၁၄၉ ဦးသာ ဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြို့နယ်ပေါင်း ၂၂၃ ခုမှာ ဖမ်းဆီး အရေးယူမှုတွေ ရှိခဲ့ပြီး အဲဒီအထဲမှာ ပဲခူး၊ ချမ်းမြသာစည်၊ မြောက်ဥက္ကလာပ၊ မဟာအောင်မြေနဲ့ ပြည်မြို့နယ်တွေကတော့ ဖမ်းဆီးခံရမှုများခဲ့ပါတယ်။
ဖမ်းဆီးခံရသူအများစုက Facebook ပေါ်မှာ ရေးသား မျှဝေမှုတွေကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး အခြား အွန်လိုင်း ပလက်ဖောင်းတွေ ဖြစ်တဲ့ Tik Tok, Telegram, Viber တွေပေါ်မှာ ရေးသားမျှဝေတာတွေကြောင့် အဖမ်းခံရတာတွေလည်း ရှိပါတယ်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ Data for Myanmar က ကောက်ယူစုစည်းထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ လူမှုကွန်ရက်ပေါ်မှာ SAC ကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံ အားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေကြောင့် အွန်လိုင်း အသုံးပြုသူ ၁၈၄၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၆ ဦးခန့် လစဉ် ဖမ်းဆီးခံနေရတာ ဖြစ်သလို ပြီးခဲ့တဲ့ သြဂုတ်လကနေ အောက်တိုဘာလအတွင်း မြို့နယ် ၆၅ မြို့နယ်က အွန်လိုင်း အသုံးပြုသူ ၁၄၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
NUG ၊ PDF နဲ့ လက်နက်ကိုင်တွေကို ထောက်ခံတာကြောင့် ၂၀၂၂ ခုနှစ်ထဲမှာ ဖမ်းဆီးခံရသူ ၈၇၄ ဦး၊ ၂၁၂၃ ခုနှစ်ထဲမှာ ၆၁၅ ဦးနဲ့ ၂၀၂၄ (အေက်တိုဘာလကုန်အထိ) ဖမ်းဆီးခံရသူ ၃၅၁ ဦး ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်နဲ့ ယှဉ်ရင် ၂ဝ၂၃ နဲ့ ၂ဝ၂၄ ခုနှစ်တွေမှာ လအလိုက် ဖမ်းဆီးခံရသူဦးရေ တဖြေးဖြေး လျော့ကျလာတာလည်း တွေ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲက အများစုဟာ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက အွန်လိုင်းအသုံးပြုသူတွေဖြစ်ပြီး စုစုပေါင်း ၈၉၆ ဦးရှိပါတယ်။ ဖမ်းဆီးခံရသူတွေထဲက အများစုက Facebook ပေါ်မှာ ပြောဆိုရေးသားမှုတွေကြောင့် ဖြစ်တယ်လို့ Data For Myanmar က ဖော်ပြထားပါတယ်။