၄. ၁၂. ၂၀၂၄
Written by Nay Moe
ခမရ (၆) မှ တပ်မတော်အရာရှိတစ်ဦးနှင့် တပ်ကြပ်တစ်ဦးကို စောင့်ဆိုင်းပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း အုတ်ဖို PDF က ယခုညနေပိုင်းတွင် ပုံနှင့်တကွ ထုတ်ပြန်ဖော်ပြလာသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ(၆)မှ ထွက်ခွာလာသည့် တပ် ဆိုင်ကယ်ယာဥ်တန်းအား တပ်တွင်းဖရဲသီး၏ သတင်းပေးမှုအရ ယနေ့ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF များက တပ်ရှေ့ကိုက်၂၀၀အကွာမှ စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။
စောင့်ကြိုတိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ၈ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ခမရ (၆) ဘက်မှ ဗိုလ်ကြီး သိန်းဝင်းနှင့် တပ်ကြပ် တင်အောင် ဆိုသူတို့ နေရာတွင် သေဆုံး၍ ကျန် တပ်ဆိုင်ကယ်များ ခမရ(၆) တပ်တွင်းသို့ ဆုတ်ခွာသွားသည်ဟု ပြောသည်။
အဆိုပါ တိုက်ခိုက်မှုမှ MA3 သေနတ်အသစ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၅ ဒသမ ၅၆ကျည် ၄၉ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ မိုဘိုင်းဖုန်း ၂ လုံး၊ ကျောပိုးအိတ် ၁ လုံး၊ မှတ်ပုံတင် ၁ ခု၊ ငွေသား ၄၀၀၀၀ ကျပ်နှင့် ခမရ(၆)တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများအား သိမ်းဆည်းခဲ့ကြောင်း PDF များ ဘေးကင်းကြောင်းနှင့် သတင်းပေးပို့ခဲ့သည့် တပ်တွင်းဖရဲသီးအား လေးစားစွာ မှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါဖြစ်စဥ်အပေါ် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများကလည်း ဖြစ်စဥ်မှန်ကန်ကြောင်း သေဆုံးသွားသည်မှာ အရာခံဗိုလ်တစ်ဦးနှင့် တပ်ကြပ်တစ်ဦးဖြစ်ကြောင်း ရေးသားနေသည်ကို တွေ့ရသည်။