MT News
၄. ၁၂. ၂၀၂၄
တရုတ်နိုင်ငံမှ အဆိုပြုပေးပို့လာသည့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား Joint Venture Security Company တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားမှုအရ သိရသည်။
တရုတ်နိုင်ငံမှ အဆိုပြုပေးပို့လာသည့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား Joint Venture Security Company တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်းကော်မတီ ကို ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး အဖွဲ့ဝင် ၁၃ ဦးပါဝင်မည်ဖြစ်သည်။
တရုတ်နိုင်ငံမှ အဆိုပြုပေးပို့လာသည့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား Joint Venture Security Company တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်ခြင်း ရှိ မရှိ စိစစ်ခြင်း၊ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးကျေးဇူးဖြစ်ထွန်းဖွယ်ရာ ရှိ မရှိ စိစစ်ခြင်း၊ နိုင်ငံတော်က ချမှတ်ထားသောမူဝါဒများနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍကို ထိခိုက်မှုမရှိစေရေးနှင့် အထောက်အကူပြုမည့်အချက်များ ပါဝင်မှု ရှိ မရှိ စိစစ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်မှု ရှိ မရှိ စိစစ်ခြင်း၊ မမျှော်မှန်းနိုင်သောအခြေအနေများအတွက် နောက်ဆက်တွဲထည့်သွင်းစဉ်းစားရန်အချက်များ ပါဝင်ခြင်း ရှိ မရှိနှင့် ဖြည့်စွက်ရန် လို မလို စိစစ်ခြင်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကို ထိခိုက်စေနိုင်သည့်အချက်များပါဝင်ခြင်း ရှိ မရှိ စိစစ်ခြင်း၊ နားလည်မှုစာချွန်လွှာမှာ သက်တမ်းကာလသတ်မှတ်၍ ချုပ်ဆိုခြင်းဖြစ်သော်လည်း ကုမ္ပဏီ တည်ထောင်ပြီးပါက နားလည်မှုစာချွန်လွှာရပ်စဲမည့်ကာလတွင် ကုမ္ပဏီကိုပါ ဖျက်သိမ်းနိုင်မည့် အစီအမံသုံးသပ်ဖြည့်စွက်ရန် လို မလို စိစစ်ခြင်း၊ ပြည်ပမှတင်သွင်းလာမည့်လက်နက်များ၊ အထူးကိရိယာတန်ဆာပလာများ (ဆက်သွယ်ရေးစက်များ အပါအဝင် အခြားကြီးကြပ်ကန့်သတ်ပစ္စည်းများ) နှင့်စပ်လျဉ်း၍ မည်ကဲ့သို့တင်သွင်းခွင့်ပြုမည်၊ မည်ကဲ့သို့ ထိန်းချုပ်သုံးစွဲစေမည်ဆိုသည့်အချက် ဖြည့်စွက်ရန် လို မလို စိစစ်ခြင်း၊ လုံခြုံရေးကုမ္ပဏီတည်ထောင်ပြီးစီးပါက ယင်းကုမ္ပဏီမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ ကိစ္စရပ်များအပါအဝင် နိုင်ငံတော်၏တည်ဆဲဥပဒေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများအပေါ် ဖောက်ဖျက်ကျူးလွန်မှုရှိပါက မည်ကဲ့သို့အရေးယူဆောင်ရွက်မည်၊ မည်ကဲ့သို့ချိတ်ဆက်ဆောင်ရွက်မည် စသည့်အချက်များကို ဖြည့်စွက်ရန် လို မလို စိစစ်ခြင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ အခါအားလျော်စွာထုတ်ပြန်သည့်စည်းကမ်းချက် များကို လိုက်နာဆောင်ရွက်ရန် ဆိုသည့်အချက်ထည့်သွင်းရန် သင့် မသင့် စိစစ်ခြင်း၊ ယခင်နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၄၁/၂၀၁၈ ဖြင့်ထုတ်ပြန်သည့် “သဘောတူ စာချုပ်များချုပ်ဆိုရာတွင် လိုက်နာဆောင်ရွက်ရမည့်လမ်းညွှန်ချက်” နှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ခြင်းများကို လုပ်ဆောင်ရမည်ဖြစ်သလိုနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးချိန်တွင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်ပြီးဆုံးမည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။