၄.၁၂.၂၀၂၄
Written By Thandar
ပရိသတ်စိတ်ဝင်စားစရာကောင်းမဲ့ ဒရာမာ ရို့မန်ဇာတ်လမ်းပုံစံ “ယောက်ျားဧကန်” ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားလေးက မင်္ဂလာဦးညမှာ သတိုးသမီးတစ်ယောက်ကို သူ့လက်ထပ်လိုက်တဲ့ခင်ပွန်းက ဂေးဖြစ်တယ်လို့ ဝန်ခံတယ်။ အဲလိုအချိန်မှာ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမလဲ။ သူက ယောက်ျားလေးအနေနဲ့ ဘယ်လိုဝန်ခံရမလဲ။ ပြောရတာ တော်တော်ခက်တယ်။ အဲလို စကားလုံးမျိုးသုံးဖို့က ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ အရှက်၊ မာနအားလုံးကို ချပြပြီးတော့ပြောရတာ။ သူ့ရဲ့ဖြစ်တည်မှုလည်း ဖြစ်တယ်။ တစ်ယောက်ယောက်က ပြုပြင်ပြောင်းလဲမရတဲ့ ဇာတ်လေးပါ။ ကိုယ်အရမ်းချစ်ရတဲ့သူက မင်္ဂလာဦးညမှ ဘာဖြစ်ပျက်သွားမလဲဆိုတာ စိတ်ဝင်စားစရာလေးပါ။ ရင်ခုန်စရာကောင်းတဲ့ ဇာတ်လေးပါ” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်ညွှန်း အောင်ကြီး၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာပိုင်းကို မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ၂၀၁၂ ခုနှစ်က တည်းက စဉ်းစားထားတဲ့ဇာတ်ဖြစ်ပြီးတော့ ၂၀၂၄ ခုနှစ်မှ အကောင်အထည်ဖော် ရိုက်ကူးမယ့် ဒရာမာ ရိုမ့န်ဇာတ်လည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အလင်းရောင်၊ ထက်အောင်ရှိုင်း၊ ညီနန္ဒ၊ ပန်းရောင်ခြယ်၊ ဝေလာရီ၊ တင်ဇာဝင်းပြည့်၊ ဧည့်သည်သရုပ်ဆောင် ဟန်လေးနဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာ ဖြစ်ပါတယ်။
“ယောက်ျားဧကန် ရုပ်ရှင်ဇာတ်ကားမှာ ပန်းရောင်တစ်ခါမှ မရိုက်ဖူးသေးတဲ့ ကာရိုက်တာပုံစံမျိုးလေးပါ။ ဘယ်လိုကာရိုက်တာလဲဆိုရင် ပန်းရောင်ကလေ အများကြီးမရိုက်ဖူးသေးတာပါတယ်။ ဇာတ်ကောင်ရဲ့ ကာရိုက်တာမတူတာမျိုး ရိုက်ထားတာပါ။ မြသာခြယ်ဆိုတဲ့ ဇာတ်ကောင်လေးပါ။ ဇာတ်လမ်းလေးက ပရိသတ် မြင်နေကြမဟုတ်တဲ့ဇာတ်လေးပါ။ ကိုယ်တိုင် ဇာတ်လမ်းကို သဘောကျလို့ ဒါရိုက်တာဦးမျိုး@မောင်မျိုးမင်းရဲ့ ဇာတ်လမ်းမျိုး ရိုက်ကူးဖြစ်တာပါ”လို့ သရုပ်ဆောင် ပန်းရောင်ခြယ်က ပြောပါတယ်။