◾️ အခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်နေ၍ လုပ်ငန်းရှင်များ သင့်တင့်လျောက်ပတ်သည့် အမြတ်ကိုသာ တင်ရောင်းရန် SAC ဥက္ကဋ္ဌ ပြောကြားပြီး နောက်ရက်၌ပင် သတိပေးမှုများ စတင်ပြုလုပ်လာ
၄. ၁၂. ၂၀၂၄
Written by Nyein Kyaw
ပြည်ပတင်ပို့ခြင်းမရှိသည့် ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်းအပါအဝင် ပြည်တွင်းစားဆန်များကို ယခုရက်ပိုင်းအတွင်း ရည်ရွယ် ချက်ရှိရှိ ဈေးကစားဆွဲတင်နေမှုများကိုတွေ့ရှိရ၍ လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းဆန်ဈေးနှုန်ထက် ဈေးနှုန်းတင်ရောင်းချသူများကို အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ယနေ့တွင် ထပ်မံအသိပေး ထုတ်ပြန်ထားသည်။
အခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်နေသည့်အတွက် လုပ်ငန်းရှင်များ သင့်တင့်လျောက်ပတ်သည့် အမြတ်ကိုသာ တင်ရောင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း အဓိကစားသုံးသည့် ပေါ်ဆန်းဆန်များကို ဈေးနှုန်းတင်မရောင်းရန်နှင့် ဈေးနှုန်းတင်ရောင်းချပါက အရေးယူမည်ဟု ယနေ့တွင် တာဝန်ရှိသူများက ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဆန်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသည့် ကြော်ငြာများအား တွေ့ရှိလာရခြင်း၊ ဈေးကွက်အတွင်း၌လည်း ဆန်ဈေးနှုန်းများကို ရည်ညွှန်းဈေးထက် ပိုမိုတိုးမြှင့်ရောင်းချမှုများကို တွေ့ရှိရခြင်း၊ အထူးသဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများကို စပါးသစ်ပေါ်ချိန်တွင် ဈေးကိုမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ကို ကြားသိနေရကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခ စသည့်ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားမှုများ (လုံးဝ) မပြုလုပ်ရန်နှင့် ရည်ညွှန်းဈေး သတ်မှတ်ချက်အတိုင်းသာ ရောင်းဝယ်ရန် ထပ်မံ၍ တိုက်တွန်းနှိုးဆော် အသိပေးထားသည်။ အဆိုပါ ပြည်တွင်းစားဆန်များသည် ပြည်ပတင်ပို့မှု လုံးဝမရှိဘဲ ပြည်တွင်း၌သာ ပစ္စည်းမှန်၊ ဈေးမှန် ရောင်းဝယ်ကြသည့် ဆန်များဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်တွင်း၌ ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်းကို အာမခံနိုင်ကြောင်းနှင့် လက်ရှိတွင် ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိနေသော်လည်း ပြည်တွင်း ဆန်ဈေးကြီးမြင့်မှုတွင် သိုလှောင်ဈေးကစားမှုကို အဓိကထိန်းသိမ်းရန် အခက်အခဲရှိနေကြောင်း MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားပြီးဖြစ်သည်။
“ကျွန်တော်တို့ ထိန်းဖို့ခက်ခဲတာက ဘာလဲဆိုရင် သိုလှောင် ဈေးကစားတဲ့သူတွေ။ သိုလှောင်ဈေးကစားတဲ့သူတွေက အများကြီးပဲ ဈေးကွက်ထဲမှာ။ သိုလှောင်ပြီးတော့ ဈေးကစားတဲ့သူတွေကြောင့် ဆန်ဈေးနှုန်းမတည်မငြိမ်ဖြစ်ရတယ်။ ဒါကြောင့်မို့ တစ်ခါတလေမှာလည်း ပြီးခဲ့တဲ့ကာလမှာလည်း စုံစမ်းစစ်ဆေးမှုတွေနဲ့ အရေးယူရတဲ့အပိုင်းတွေ ပေါ်ပေါက်လာတာ အားလုံးသိမှာပေါ့” ဟု ဦးရဲမင်းအောင်က ပြောသည်။
ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်းများဖြင့် လိုက်နာဆောင်ရွက် ရောင်းဝယ်ကြရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စသည့် ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါသောကြောင့် အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ကြရန် ထပ်မံအသိပေး တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။
စားသုံးသူရေးရာဦးစီးဌာနမှ နိုဝင်ဘာလအတွက် ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်းဈေးနှုန်းအရ ပေါ်ဆန်းဆန် ဈေးနှုန်းများမှာ အမျိုးအစားအပေါ်မူတည်ကာ တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀ မှ ၁၄၅,၀၀၀ ကြား သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း၌ လက်ရှိတွင် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၂၁၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်နေခြင်းဖြစ်သည်။
“အခုလကုန်မှာ ဆန်ဝယ်တာ ပေါ်ဆန်းခြောက်ပြည်တစ်အိတ်ကို ၄၉,၀၀၀ ကနေ ၅၄,၀၀၀ အထိ ပေးရတယ်။ ငါးထောင် သက်သာအောင် ၄၉,၀၀၀ တန်ဝယ်လာတာ အရောတွေများပြီး ပေါ်ဆန်းဆန်နဲ့လည်းမတူဘဲ စားမကောင်းတဲ့အခြေအနေပါ ကြုံရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
လက်ရှိတွင် ဈေးကွက်အတွင်း ပြည်တွင်းစားဆန် ပေါ်ဆန်းများကို ပြည်ပတင်ပို့၍ ဈေးတက်သည်၊ သဘာဝဘေးဒဏ်ကြောင့် အထွက်နှုန်းအလွန်ထိခိုက်သည်ဆိုသော ဈေးမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချို့သောကုန်သည်များမှ ထုတ်ပြန်လာသည့် သတင်းများမှာ သတင်းမှား (Fake News) များသာ ဖြစ်ကြောင်း MRF က အသိပေး ထုတ်ပြန်ထားသည်။