◾ သမ္မတ ယွန်ရဲ့ လက်ထောက်ဖြစ်သူများ အစုလိုက် အပြုံလိုက် ရာထူးမှနုတ်ထွက်
၄.၁၂.၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားသမ္မတနိုင်ငံမှာ သမ္မတ ယွန်ဆက်ခ်ယိုရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ဒီဇင်ဘာလ ၃ ရက်မှာ ကြေညာခဲ့ပြီးနောက် ဥပဒေပြုအမတ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် ဒီဇင်ဘာလ ၄ ရက် နံနက်အစောပိုင်းမှာ ပြန်လည်ရုပ်သိမ်းပေးခဲ့ရပြီးတဲ့နောက် အတိုက်အခံအမတ်တွေက သမ္မတယွန်ကို အယုံအကြည်မရှိအဆိုအား ဒီဇင်ဘာလ ၄ ရက်မှာပဲ လွှတ်တော်ကို တင်သွင်းခဲ့ကြပါတယ်။
အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီနဲ့ Rebuilding Korea Party နဲ့ Reform Party တို့ အပါအဝင် အတိုက် အခံပါတီငယ်ငါးခု စုပေါင်းပြီး အယုံအကြည်မရှိအဆိုကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်မှာ တင်သွင်းခဲ့ကြတာဖြစ်ပါတယ်။
သမ္မတယွန်ကို အယုံအကြည်မရှိ အဆိုအား အတိုက်အခံအမတ် ၁၉၁ ဦးက လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး အာဏာရပါတီမှ လွှတ်တော်အမတ်တွေကတေ့ာ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိဘူးလို့ သိရပါတယ်။
အတိုက်အခံအမတ်တွေက ဒီဇင်ဘာလ ၅ ရက်မှာ ကျင်းပမယ့် လွှတ်တော်အလှည့်ကျအစည်းအဝေးမှာ အဆိုပြုချက်ကို အစီရင်ခံတင်ပြကာ ဒီဇင်ဘာလ ၆ ရက်(သို့မဟုတ်) ဒီဇင်ဘာလ ၇ ရက်မှာတော့ အဆိုကို မဲခွဲဆုံးဖြတ်ကြဖို့ စီစဉ်ထားပါတယ်။
သမ္မတယွန်အနေနဲ့ ဒီလိုအကျပ်အတည်းအခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ဒီဇင်ဘာလ ၄ ရက်မှာ သူ့ရဲ့ လက်ထောက်ဖြစ်သူတွေက အစုလိုက်အပြုံလိုက် ရာထူးမှ နုတ်ထွက်ခဲ့ကြပြန်တယ်လို့ သမ္မတရုံးက ပြောကြားခဲ့ပါတယ်။ လွှတ်တော်က သမ္မတရဲ့ ရုတ်တရက်မမျှော်လင့်တဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကို ကန့်ကွက်ခဲ့ပြီးနောက် အခုလို သမ္မတလက်ထောက်တွေက တာဝန်မှ နုတ်ထွက်လာကြတာပါ။
နုတ်ထွက်သူတွေထဲမှာ သမ္မတရဲ့ ဦးစီးအရာရှိ ချွန်ဂျင်ဆပ်၊ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ရှင်ဝုန်ဆစ်ခ် နဲ့ မူဝါဒရေးရာဦးစီးအရာရှိ ဆန်တေယွန် တို့အပြင် အခြားအဆင့်မြင့် လက်ထောက်ခုနှစ်ဦး ပါဝင်တယ်လို့သိရပါတယ်။
Ref -Yonhap