၄ .၁၂ .၂၀၂၄
Written by Hey Mar
မိခင်နဲ့အတူ ကားလမ်းဖြတ်ကူးရင်း အမေ့လက်ကိုလွှတ်ပြီး ပြေးရာက ၆ နှစ်သားအရွယ် KG ကျောင်းသားကလေးငယ် ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၃ ရက်နေ့ ည ၇ နာရီကျော်အချိန်က လှိုင်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ရန်ကုန်အင်းစိန်လမ်းမပေါ် ရှိ ဘာတာမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်တိုက်မိတဲ့အရှိန်ကြောင့် ကလေးငယ်မှာ ပြင်းထန်ထိခိုက်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ပို့စဉ် လမ်းတင်သေဆုံးတယ်လို့လည်း သိရပါတယ်။
မြေပြင်မှာပြုစုကူညီပေးခဲ့တဲ့ ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက “တိုက်တဲ့ ကားက လိုင်းကား (ခရီး သည်တင်ကား)ဆိုတာပဲ သိရပါတယ်။ နောက်ဆက်တွဲကတော့ ကျွန်တော်တို့ သေချာမသိသေးပါဘူး။ ကလေးနဲ့ မိခင်နဲ့က လှိုင်သာယာဘက် ပြန်မှာမို့ တစ်ဖက်ကားလမ်းဘက်အကူးမှာ ဖြစ်တာပါ။ တိုက်မိတဲ့အရှိန်နဲ့ လွင့်ပြီး မြေပြင်ပေါ်ပြန်ကျတာမို့ ဦးခေါင်းထိခိုက်ဒဏ်ရာ အတော်ပြင်းပါတယ်” လို့ ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပါတယ်။
အဆိုပါအသင်းပဲ ထိခိုက်ဒဏ်ရာရရှိသူ (၆)နှစ်အရွယ် ကလေးငယ် ကျား(၁)ဦးကို မိခင်ဖြစ်သူနဲ့အတူ ကနဦးပြုစုမှုတွေဆောင်ရွက်ပေးကာ အင်းစိန်ဆေးရုံဆီ အချိန်မီပို့ဆောင်ခဲ့ပေမယ့် ရရှိထားတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံအသွားလမ်းမှာတင်ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။