၄. ၁၂. ၂၀၂၄
Written by Nay Moe
ပလုံကောက်သူ၊ နှီးရောင်းသူပါမချန် သတင်းပေး၊ ဒလန်စွပ်စွဲကာ နေ့စဥ်လူသတ်နေသည့် NUG ဩဇာခံ ကြို့ပင်ကောက် PDF က ယခုရက်ပိုင်းအတွင်း ရှစ်ယောက်မြောက်အဖြစ် လူနှစ်ဦးကို ထပ်မံသတ်ဖြတ်လိုက်ကြောင်း ဝန်ခံချက် ထုတ်ပြန်ထားသည်။
ကြို့ပင်ကောက် PDF အဖွဲ့က ရှစ်ယောက်မြောက်အဖြစ် ယခုသတ်လိုက်သည်မှာ ယမန်နေ့ ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က တောင်ရွာမ အုပ်ချူပ်ရေးမှူးနှင့် တောင်ရွာမ ရာအိမ်မှူး ဦးအောင်ထွန်းတို့နှစ်ဦး ကြို့ပင်ကောက်မြို့၊ ရုံးလမ်းထောင့် ဆိုင်ကယ်ကယ်ရီဂိတ်နားတွင် အတူထိုင်၍စကားပြောနေကြစဉ် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ (၁) Dragon Brothers (GBK – PDF) က ပစ်ခတ်သတ်ဖြတ်ရာ ဦးအောင်ထွန်းသေဆုံးခဲ့သည်။ သေဆုံးသူ ရာအိမ်မှူးဦးအောင်ထွန်းသည် စစ်တပ်၏ ဗိုလ်မှူးအဆက်ဆက် လာဘ်ထိုးပေါင်းသင်းပြီး ဘီယာဆိုင်ဖွင့်လှစ်ရောင်းချနေသူဖြစ်ကြောင်း၊ ကုန်းမြင့်ရွာမှ ပျူစောထီး(ပြည်သူ့စစ်) နေဇာလင်းနှင့် တောင်ရွာမအုပ်ချူပ်ရေးမှူးဦးခင်မောင်ဝင်းကို ငွေကြေးကအစ ထောက်ပံ့နေပြီး တောင်ရွာမအုပ်ချူပ်ရေးမှူးကို နောက်ကွယ်မှကြိုးကိုင်နေသူဖြစ်ကြောင်း စသည်ဖြင့်လည်း ကြို့ပင်ကောက် PDF က သတ်ဖြတ်မှုအပေါ် ဆင်ခြေပေးထားသည်။
ထို့အပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့မှ ရဲတပ်ကြပ်ကြီးစန်းနိုင်၏ အမိန့်ဖြင့် PDF များ၏ လှုပ်ရှားမှုကို စုံစမ်းထောက်လှမ်းနေသော ပျူစောထီး(ပြည်သူ့စစ်) ဆိုကာ ဦးဇော်ဝင်းနိုင် (ခ) ကုလားဆိုသူအား နိုဝင်ဘာ ၂၆ ရက်တွင် ဖမ်းစီးစစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်တွင်မူ ပြန်လည်ခုခံ၍ ထွက်ပြေးသောကြောင့်ဟု ခေါင်းစဥ်တပ်ကာ သတ်ဖြတ်လိုက်သည်ဟုလည်း ကြို့ပင်ကောက် PDF က ဝန်ခံထားသည်။
ကြို့ပင်ကောက် PDF အဖွဲ့၏ ယခုရက်ပိုင်း လူသတ်မှုများအဖြစ် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အရှေ့ဆင်ပိုက်အနောက်စု ရွာလမ်းကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ဦးကိုကိုဦးကိုလည်း နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီ မိနစ် ၄၀ တွင် သတ်ဖြတ်လိုက်ကြသည်။ ဦးကိုကိုဦးသည် လမ်းမီး တစ်ယူနစ်ကို ၃၀၀ ကျပ်ဖြင့် ကောက်ခံနေကြောင်း၊ ဒေသခံကျေးရွာလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသောကြောင့် ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမအခြေပြုအဖွဲ့မှ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟုလည်း ဆင်ခြေပေးထားသည်။
ထို့အပြင် နိုဝင်ဘာ ၂၈ ရက် ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာအုပ်စု၊ ကွင်းချောင်းကျေးရွာတွင် နေထိုင်သည့် နှီးရောင်းချသော ကိုနေထက်လင်းဆိုသူအား သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ (၁) Dragon Brothers (GBK – PDF) နေအိမ်အထိ သွားရောက်သတ်ဖြတ်လိုက်ကြသည့်အပြင် မိုဘိုင်းဖုန်းတစ်လုံးနှင့် ငွေသားများ လုယက်သိမ်းယူခဲ့သည်ဟုလည်း ဝန်ခံထားသည်။
ထို့အတူ နိုဝင်ဘာ ၂၆ ရက် ရက်စွဲဖြင့် ကြို့ပင်ကောက် PDF အဖွဲ့၏ ဝန်ခံချက်အရ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းအုပ်စု၊ ကိုင်းတောစုကျေးရွာနေ ဦးမောင်မောင်သန်း အသက် (၅၃) နှစ်ကို အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီခွဲ အချိန်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ -၁ YOMA (GBK)ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပကဖအဖွဲ့ နှစ်ဖွဲ့ပေါင်းကာ သတ်ဖြတ်လိုက်ကြပြီး လက်ကိုင်ဖုန်းတစ်လုံးကိုပါ လုယက်သိမ်းယူခဲ့သည်ဟုလည်း သိရသည်။
အခြား ကျူးလွန်မှုဖြစ်စဥ်များအဖြစ် နိုဝင်ဘာ ၂၃ ရက်တွင် ကြို့ပင်ကောက်မြို့၊ နဂါးနီလမ်းနေ အမှိုက်ကောက် (ပလုံ) ကောက်သူ ကိုထွန်းမင်းစိုးဆိုသူအား ပလုံကောက်ဟန်ဆောင်ကာ PDF သတင်းများ ထောက်လှမ်းနေသည်စွပ်စွဲပြီး သတ်ဖြတ်ထားသည်။
အလားတူ နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင်လည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုံးကျေးရွာအုပ်စု၊ စီကောက်ပင်ရွာမှ ဦးဝင်းအောင်အား သတင်းပေးဟုဆိုကာ ဆိုင်ကယ်စီးလာစဉ် ညောင်ဝိုင်ရွာအနီး၌ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ – (၁) Dragon Brothers (GBK- PDF) မှ ဦးခေါင်းတည့်တည့်အား သေနတ်ကျည် ၄ ချက်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်းထံမှ ဖုန်း ၁ လုံးအား လုယက်သိမ်းဆည်းခဲ့ကြောင်းလည်း ဝန်ခံထားသည်။
ထို့အပြင် ဘော်ဘင်ရွာမှ ဦးကျော်လွင်ဦးဆိုသူတစ်ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ကို လမ်းပြသည်ဟုဆိုကာ နိုဝင်ဘာ ၂၆ ရက် နံနက် ၆ နာရီအချိန်တွင် နေထိုင်ရာ ဘော်ဘင်ရွာသို့ဝင်ရောက်ကာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ရိုးမအခြေပြုတပ်ဖွဲ့မှ သတ်ဖြတ်လိုက်သည်ဟု ဝန်ခံထားသည်။
NUG ဩဇာခံပြီး ထိန်းမနိုင်သိမ်းမရ လူသတ်နေသော ကြို့ပင်ကောက် PDF များ ကျက်စားရာ ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာ ဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရသည်။