၄.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှုများအကြား ဥပဒေကြောင်းနဲ့ အများပြည်သူအမြင်မှာ တိုက်ခိုက်မှုအနေနဲ့ တရုတ်နိုင်ငံရဲ့ မောင်းသူမဲ့လေယာဉ်(Drone) ထုတ်လုပ်ရေးကုမ္ပဏီ DJI အပေါ် တရုတ်စစ်ဘက်နဲ့ ဆက်စပ်မှုရှိတယ်လို့စွပ်စွဲကာ အမေရိကန်က ပိတ်ဆို့မှုများပြုခဲ့ပါတယ်။ အဆိုပါ စွပ်စွဲချက် မမှန်ကန်ဆိုတာကို သက်သေပြနိုင်ဖို့ DJI ကလည်း ပြန်လှန်ပြောကြားနေပါတယ်။
၂၀၀၆ ခုနှစ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် ဖရန့်ဝန်းတည်ထောင်ခဲ့တဲ့ DJI ကုမ္ပဏီကို တရုတ်စစ်ဘက်နဲ့အတူ အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေစာရင်းမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထည့်သွင်းသတ်မှတ်ခဲ့လို့ အောက်တိုဘာလအတွင်းမှာ DJI က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို တရားစွဲခဲ့ပါတယ်။ DJI က ဒီသတ်မှတ်ချက်က မှားယွင်းနေတဲ့အပြင် ငွေရေးကြေးရေးအရ ထိခိုက်အန္တရာယ်ဖြစ်စေဖို့ဆိုတာ သိသာထင်ရှားလွန်းတယ်လို့ ပြောခဲ့ပါတယ်။
ကမ္ဘာ့အကြီးမားဆုံး မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ DJI က သူ့ကုမ္ပဏီရဲ့ ထုတ်လုပ်မှုတွေက စစ်ဘက်မှာအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်နေတာလို့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပေမယ့် DJI ရဲ့ မောင်းသူမဲ့လေယာဉ်တွေကို ရုရှားက ယူကရိန်းစစ်မျက်နှာမှာ အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ DJI ကတော့ သူ့ကုမ္ပဏီဟာ တရုတ်လွတ်မြောက်ရေးတပ်မတော်နဲ့ ဆက်စပ်မှုမရှိဘဲ ရှင်ကျန်းအခြေစိုက် ကုမ္ပဏီအနေနဲ့ တင်းကျပ်တဲ့ စိစစ်မှုအောက်မှာ ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
Financial Times သတင်းစာမှာ ‘အမေရိကန်က တရုတ်ရဲ့ မောင်းသူမဲ့လေယာဉ်တွေကို ပိတ်ဆို့သင့်သလား’ ဆိုတဲ့ ဗီဒီယိုတစ်ခုကို နိုဝင်ဘာလ ၂၂ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ DJI ရဲ့ အလုပ်သမားတွေက စစ်သင်တန်းစခန်းတစ်ခုမှာ ရှိနေကြတာကို တွေ့ကြရပါတယ်။ ဒါက အမေရိကန်အတွက်တော့ သတိပေးချက်သဖွယ် ဖြစ်ခဲ့ရပါသေးတယ်။
DJI ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာလ ၂ ရက်မှာ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာတော့ ထိုမြင်ကွင်းက အလုပ် သမားတွေကို အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုပြုခြင်းသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ YouTube မှာ တင်ထားတဲ့ ၂၃ မိနစ်ကြာ ဗီဒီယိုက အလုပ်သမားတွေ ပူးပေါင်းဆောင်ရွက်တဲ့ အပျော်ခရီးတိုတစ်ခုသာဖြစ်ပြီး စစ်သင်တန်းပူးပေါင်းဆောင်ရွက်မှု မဟုတ်ဘူးလို့ DJI ရဲ့ ကမ္ဘာ့မူဝါဒ အကြီးအကဲ အဒမ်ဝဲ့လ်ရှ်က ပြောခဲ့ပါတယ်။
ဒါ့ပြင် DJI က ကုမ္ပဏီဟာ စစ်ရေးဆိုင်ရာကုမ္ပဏီတစ်ခုမဟုတ်ဘဲ တရုတ်စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာလည်း ဘယ်တေ့ာမှ ရှိမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဗီဒီယိုက ကုမ္ပဏီကို အထင်အမြင်မှားအောင် ခိုင်မာမှုမရှိ၊ လှည့်စားတဲ့ ဝေဖန်မှုတွေနဲ့အတူ တင်ပြထားတာပဲလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
YouTube နဲ့ Financial Times တို့က တရုတ်နိုင်ငံအတွင်းကြည့်ရှုလို့မရဘဲ ပိတ်ထားပေမယ့် အဲဒီ ဗီဒီယိုကို တစ်ဆင့်ပြန်လည်ရိုက်ကူးကာ လူမှုကွန်ရက်မှာ ဖြန့်ခဲ့ကြတာ တွေ့ရပါတယ်။
DJI ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုဈေးကွက်မှာ အမေရိကန်အစိုးရ တင်းတင်းကျပ်ကျပ်ပိတ်ဆို့မှုကို ရင်ဆိုင်နေရတာပါ။ စက်တင်ဘာလအတွင်းကလည်း အောက်လွှတ်တော်အမတ်တွေက DJI ရဲ့ နောက်ထုတ်မယ့် မောင်းသူမဲ့လေယာဉ်အသစ်တွေ အမေရိကန်နိုင်ငံအတွင်း မောင်းနှင်တာနဲ့ ပြည်တွင်းဆက်သွယ်ရေးအခြေခံအဆောက်အအုံမှ သတင်းရယူတာတွေကိုပါ ကန့်သတ်ဖို့ ဥပဒေမူကြမ်းတစ်ရပ် အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေမူကြမ်းက အမေရိကန်မှာ လက်ရှိ ရှိနေပြီး DJI ကုမ္ပဏီထုတ် မောင်းသူမဲ့လေယာဉ်တွေကိုတော့ အကျုံးမဝင်ပါဘူး။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုရန်လိုနေချိန်မှာပဲ DJI ကလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို ပြန်လှန်တရားစွဲခဲ့တာဖြစ်ပြီး နှစ်နိုင်ငံကြား ပထဝီနိုင်ငံရေးနဲ့ ကုန်သွယ်ရေးတို့မှာပါ တင်းမာလာတာကို ထင်ဟပ်နေစေပါတယ်။
Ref- SCMP