၄. ၁၂. ၂၀၂၄
Written by Nyein Kyaw
ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာ့ကုန်ထုတ်လုပ်မှု အညွှန်းကိန်းသတ်မှတ်စံနှုန်း အလယ်မှတ် ၅၀ နီးပါးအထိ တိုးတက်လာခဲ့၍ ခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Manager’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် အောက်တိုဘာလတွင် ၄၈ ဒသမ ၄ သာရှိခဲ့ရာမှ နိုဝင်ဘာလတွင် ၄၉ ဒသမ ၈ သို့ (အလယ်မှတ် ၅၀ နီးပါး) မြင့်တက်ခဲ့ပြီး လုပ်ငန်းအခြေအနေများတွင် အလုံးစုံယိုယွင်းမှုရှိသော်လည်း လက်ရှိငါးလဆက်တိုက်ဦးစိုက်မှုတွင် အနှေးဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံအတွက် နောက်ဆုံးရ PMI ဒေတာမှာ ခေါင်းစီးအညွှန်းကိန်းက အလယ်အမှတ်ဖြစ်တဲ့ ၅၀ စံနှုန်းနားနီးကပ်လာခြင်းနဲ့အတူ အားတက်ဖွယ်သတင်းအချို့ကို ယူဆောင်လာပါတယ်။ သိသာတာက အမှာစာအသစ်တွေနဲ့ ထုတ်လုပ်ရေးနှစ်မျိုးစလုံးမှာ တိုးချဲ့မှုအသစ်တွေ ပြခဲ့တာဖြစ်ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာကျပ်ငွေ ပြန်မာခဲ့သောကြောင့် ကုန်ကြမ်းပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကြောင့် ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ် ဖိအားတချို့ကို လျော့ပါးစေခဲ့ကြောင်းကိုလည်း ထုတ်လုပ်သူများက အစီရင်ခံခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ဝယ်ယူမှုကုန်ကျစရိတ်များသည် နှစ်နှစ်နီးပါးအတွင်း အနှေးဆုံးနှုန်းနှင့် မြင့်တက်ခဲ့ပြီး ကုန်ပစ္စည်းတန်ဖိုး ဖောင်းပွမှုမှာလည်း ၁၂ လအတွင်း အနိမ့်ဆုံးအထိ သက်သာလာခဲ့ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်သူများရရှိခဲ့သော အမှာစာအသစ်များသည် လေးလဆက်တိုက် လျော့နည်းမှုကာလနောက်ပိုင်း နိုဝင်ဘာလတွင် မြင့်တက်ခဲ့သည်။ ထိုမြင့်တက်မှုသည် အလုံးစုံအားဖြင့် အသင့်အတင့်သာ ဖြစ်သော်လည်း ထုတ်လုပ်ရေးကဏ္ဍတွင် ပြန်လည်ဖြစ်ပေါ်လာသော တိုးမြှင့်မှုဖြစ်စေခဲ့သည်။