၄. ၁၂. ၂၀၂၄
Written by Nay Moe
NUG လက်အောက်ခံ ပသုံးလုံးလက်နက်ကိုင်အဖွဲ့ (ပကဖ၊ ပအဖ၊ ပလဖ)တွေရဲ့ သစ်မှောင်ခိုမှုနဲ့ မူးယစ်ဆေးမှုတွေ NUG ထံတိုင်ကြားလို့ PDF ကြီးစိုးနယ်မြေမှာ သုံးလသမီးပါမချန် မိသားစုလိုက်လည်လှီးအသတ်ခံရတဲ့ CDM ကျောင်းဆရာနဲ့ NUG ရဲ့ ကနီမြို့နယ် ပညာရေးတာဝန်ခံဦးဝင်းဌေးမိသားစုအတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ တစ်လပြည့်လှုပ်ရှားမှုကို အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC)က ဒီနေ့မှာ လုပ်ဆောင်ဖော်ပြလာပါတယ်။
ကနီမြို့နယ် ပသုံးလုံးတွေရဲ့ သစ်ခိုးထုတ်မှုနဲ့ မူးယစ်မှောင်ခိုမှုတွေ NUG ထံ တိုင်ကြားတာကြောင့် နိုဝင်ဘာ ၄ ရက် ညပိုင်းမှာ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးဟာ PDF တွေပဲရှိတဲ့ တပုန်းကျေးရွာနေအိမ်အတွင်းမှာ ဇနီးသည် ဒေါခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာတို့နဲ့အတူ ရက်စက်စွာ မတရားလည်လှီးသတ်ဖြတ်ခံရတာဖြစ်ပြီး ဒီဖြစ်ရပ်ကို NUG ပညာရေးဝန်ကြီးဌာနက အမှုမှန်ဖော်ထုတ်ပေးမယ် ကြေညာပေမဲ့ တစ်လပြည့်တဲ့ဒီနေ့အထိတော့ ဒီရာဇဝတ်မှုက ပေါ်ပေါက်မှုမရှိသလို ကနီပသုံးလုံးတွေကလည်း သူတို့နဲ့ဆက်နွှယ်နေတဲ့ ဒီသတ်ဖြတ်မှုကို ဖော်ထုတ်ခြင်းမရှိပါဘူး။
ဒါကြောင့်မို့လို့ BEGSC ဟာ ကနီမြို့နယ်ဘုတ်အဖွဲ့ တာဝန်ခံ CDM ဆရာဦးဝင်းဌေးမိသားစု လူမဆန်စွာ လုပ်ကြံ သတ်ဖြတ်ခံရမှု ၁ လပြည့် လှုပ်ရှားမှုအဖြစ် “၁။ ဦးဝင်းဌေး အမှုမှန်ပေါ်ပေါက်ရေး အားလုံးကူညီ ဆောင်ရွက်ပေး၊ ၂။ မတရားမှုကို ခေါင်းငုံ့မခံ ပညာရေးဖြင့် ဒို့တွန်းလှန်”ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ Online လှုပ်ရှားမှုကြွေးကြော်သံ ၂ ခုလုံးကိုဖြစ်စေ၊ မိမိအဆင်ပြေတဲ့ ကြွေးကြော်သံ တစ်ခုကိုဖြစ်စေ စာရွက်ပေါ် ချရေးပြီး ကိုင်ဆောင်ထားတဲ့ပုံစံ ဓာတ်ပုံရိုက် ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုကို ဒီနေ့မှာ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။