၄. ၁၂. ၂၀၂၄
Written by Nyein Kyaw
ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုခဲ့ပြီးနောက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ လစဉ်တင်ပို့ရန်လျာထားချက် လေးလဆက်တိုက် ပြည့်မီကျော်လွန်ခဲ့သည့်အတွက် ယခုဘဏ္ဍာနှစ် ရှစ်လတွင် တန်ချိန် ၁ ဒသမ ၇ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၈၀၀ ကျော်အထိရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း (တစ်လလျှင် တန်ချိန် ၂ သိန်းကျော်) တင်ပို့ရန်လျာထားခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် လျာထားချက် တန်ချိန် ၂ သိန်းကျော် မပြည့်မီခဲ့ခြင်းဖြစ်သည်။
သို့သော် ဗဟိုဘဏ်မှ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့သည့် ပြီးခဲ့သည့် ဩဂုတ်လ၌ပင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပထမဆုံးလျာထားချက် ပြည့်မီခဲ့ပြီးနောက် စက်တင်ဘာလတွင် တန်ချိန် ၂၁၉,၅၆၅ တန်၊ အောက်တိုဘာလတွင် တန်ချိန် ၄၂၄,၇၈၄ တန် (လျာထားချက်၏ နှစ်ဆတင်ပို့နိုင်ခဲ့)၊ နိုဝင်ဘာလတွင် တန်ချိန် ၃၃၄,၅၃၅ တန်ဖြင့် လေးလဆက်တိုက် လျာထားချက် ပြည့်မီကျော်လွန်ခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်အစ လေးလဖြစ်သော ဧပြီလမှ ဇူလိုင်လအထိ လစဉ်ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှာမူ ဧပြီလတွင် တန်ချိန် ၁၁၁,၈၆၂ တန်၊ မေလတွင် တန်ချိန် ၇၁,၂၇၉ ဒသမ ၅ တန်၊ ဇွန်လတွင် တန်ချိန် ၁၆၂,၃၂၅ ဒသမ ၇၅ တန်နှင့် ဇူလိုင်လတွင် တန်ချိန် ၁၆၅,၄၄၀ ဒသမ ၃ တန်တို့သာ တင်ပို့ထားနိုင်ခဲ့ပြီး လစဉ်တင်ပို့ရန်လျာထားချက် မပြည့်မီခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆၉၇ သန်း တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၈၀၄ သန်းရရှိထားပြီး ဘဏ္ဍာနှစ်ကာလ လေးလကျန်ရှိနေသေးချိန်တွင် လျာထားချက်၏ ၇၀ ရာခိုင်နှုန်းခန့်အထိ တင်ပို့ထားနိုင်ခြင်းဖြစ်သည်။