၄. ၁၂. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ကလေးလူငယ် ၂၃၀,၀၀၀ ခန့်ရှိပြီး ၃၆ ရာနှုန်းခန့်သာ စာရေးစာဖတ်နိုင်သဖြင့် မသန်စွမ်းသူများအတွက် ပညာရေးကို ပိုမိုအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။
မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍကို ဦးစားပေးမြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၆ခုနှစ် လေ့လာဆန်းစစ်ချက်များအရ မသန်စွမ်းသူ ကလေးသူငယ် ၂၃၀,၀၀၀ ခန့်ရှိပြီးရှိပြီး အဆိုပါအထဲက ကလေးသုံးဦးတွင် နှစ်ဦးသည် ကျောင်းမတက်ကြဘဲ ၃၆ ရာခိုင်နှုန်းခန့်သာ စာရေးစာဖတ်နိုင်သည်ကို သိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ထိုကြောင့် အနာဂတ်တွင် မသန်စွမ်းသူများအတွက် ပညာရေးကို ပိုမိုအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအနေဖြင့် အခြေခံပညာကျောင်းများတွင် တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများအပေါ် ခွဲခြားမှုမရှိသော သင်ရိုးညွှန်းတမ်းနှင့် အလေ့အကျင့်များ ကျင့်သုံးခြင်း၊ အထူးပညာရေး ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူ သင်ကြားမှု၊ သင်ယူမှုပြုနိုင်ရန်အတွက် လိုအပ်သော နည်းပညာနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
မသန်စွမ်းသူအားလုံး လွှမ်းခြုံနိုင်သည့် ဖွံဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ် ၂၁ ခုတွင် လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ယနေ့အထိ ၅,၉၃၇ ဦး မသန်စွမ်းမှတ်ပုံတင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများအပေါ် ထားရှိသည့် မကောင်းမြင်စိတ်နှင့် လွဲမှားသောအယူအဆ အတွေးအမြင်များ ပပျောက်ရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။