၃. ၁၂. ၂၀၂၄
Translated by Tha Doe
မြောက်ကိုရီးယားကို လိုလားတဲ့အင်အားစုတွေနဲ့ အတိုက်အခံပါတီအင်အားစုတွေဟာ နိုင်ငံတော်ပျက်စီးအောင် လုပ်ဆောင်နေတယ်လို့ ပြောကြားပြီး တောင်ကိုရီးယားသမ္မတ ယွန်ဆက်ခ်ယိုလ်ဟာ တောင်ကိုရီးယားနိုင်ငံကို အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ဒီဇင်ဘာ ၃ ရက်နှောင်းပိုင်းမှာ အံ့အားသင့်ဖွယ် ထုတ်ပြန်ကြေညာလိုက်ပေမဲ့ လွှတ်တော်က မဲခွဲဆုံးဖြတ်အပြီး ဒီဇင်ဘာ ၄ ရက်အကူးမှာတော့ စစ်အုပ်ချုပ်ရေးအမိန့် ပြန်ရုပ်သိမ်းမယ်လို့ သိရပါတယ်။
အတိုက်အခံတွေ အင်အားကောင်းတဲ့ လွှတ်တော်မှာ ဖိအားဒဏ်ခံနေရတဲ့ တောင်ကိုရီးယားသမ္မတယွန်ဆက်ခ်ယိုအစိုးရအဖွဲ့ရဲ့ နိုင်ငံရေးဒရာမာညတစ်ညဟာ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်နဲ့အတူ လူထုက ထိတ်လန့်ပြီး စစ်တပ်က လွှတ်တော်ကို ဝိုင်းပတ်ပိတ်ဆိုမှု့တွေနဲ့ လွှတ်တော်အမတ်တွေက အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်ဖို့ မဲခွဲဆုံးဖြတ်မှုတွေနဲ့ယွန်ရဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကို ဒီမနက်အစောပိုင်းပဲ ရုပ်သိမ်းခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်ကို ချုပ်ကိုင်ထားတဲ့ အတိုက်အခံအင်အားစုတွေဟာ ကွန်မြူနစ် မြောက်ကိုရီးယားကို စာနာနေတယ်လို့ စွပ်စွဲပြီး မြောက်ကိုရီးယားလိုလားသူအင်အားစုကို ဖယ်ရှားဖို့ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပေမဲ့ သုံးနာရီအကြာမှာ လွှတ်တော်က ပယ်ချကြောင်း မဲခွဲဆုံးဖြတ်လိုက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Woo Woo Shik က စစ်အုပ်ချုပ်ရေးဥပဒေ တရားမဝင်ကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူနဲ့အတူ ဒီမိုကရေစီကို ကာကွယ်မယ်လို့ ကြေညာခဲ့ပါတယ်။
သမ္မတယွန်ဆက်ခ်ယိုရဲ့ အံ့အားသင့်ဖွယ် လုပ်ဆောင်ချက်က ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတည်းက တိုင်းပြည်မှာ မတွေ့ဖူးတဲ့ အာဏာရှင်ခေတ်ဆီ ပြန်လည်ရောက်ရှိသွားခဲ့သလို ဒီလုပ်ဆောင်ချက်ကို အတိုက်အခံခေါင်းဆောင်ရော ယွန်ရဲ့ အာဏာရပါတီခေါင်းဆောင်တို့ရောက ချက်ချင်း ရှုတ်ချခဲ့တာပါ။
သမ္မတရဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်ကြောင်း လွှတ်တော်က ဆုံးဖြတ်အပြီးမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်က လွှတ်တော်ကို ဝိုင်းပတ်ပိတ်ဆို့မှုကနေ ထွက်ခွာသွားကြပေမဲ့ အမတ်နေရာ ၃၀၀ ထဲက ထိုင်ခုံအများစုရယူထားနိုင်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင်ကတော့ “သမ္မတယွန်က သူ့ရဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကို တရားဝင် မရုပ်သိမ်းသရွေ့ အမတ်တွေက ညီလာခံ ခန်းမမှာ ဆက်ရှိနေမယ်လို့ ပြောကြားလိုက်သလို လွှတ်တော်ဥက္ကဋ္ဌ Woo Woo Shik ကလည်း လွှတ်တော်က မဲခွဲဆုံးဖြတ်အပြီးမှာ ချက်ချင်းပြန်လည်ထွက်ခွာပေးခဲ့တဲ့ ကိုရီးယားစစ်တပ်ရဲ့ ရင့်ကျက်မှုကို ချီးကျူးခဲ့ပါတယ်။
“စစ်အာဏာသိမ်းမှုရဲ့ ကံဆိုးမိုးမှောင်ကျတဲ့ အမှတ်ရစရာတွေနဲ့တောင်မှ ကျွန်တော်တို့ နိုင်ငံသားတွေဟာ ဒီနေ့ရဲ့ အဖြစ်အပျက်တွေကို အသေအချာ စောင့်ကြည့်ပြီး စစ်တပ်ရဲ့ ရင့်ကျက်မှုကို မြင်ခဲ့ကြရပါတယ်” လို့ Woo က ချီးကျူးခဲ့ပါတယ်။
ယွန်ဆက်ခ်ယိုကလည်း အရေးပေါ်အခြေအနေ ရုပ်သိမ်းပေးဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်အပြီးမှာ စစ်တပ်ကို ပြန်လည်ရုပ်သိမ်းကြောင်း ပြောကြားခဲ့သလို အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်ကြောင်းကိုလည်း သမ္မတယွန်ဆက်ခ်ယိုက အစိုးရအဖွဲ့အစည်းအဝေးအပြီး ကြေညာပေးမှာဖြစ်ပေမဲ့ သူ့အစိုးရအဖွဲ့က အရေးပါတဲ့ အရာရှိတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ မရိုးသားတဲ့ဥပဒေပြုမှုတွေနဲ့ ဘတ်ဂျက်ကို ခြယ်လှယ်ဖို့ လွှတ်တော်ရဲ့ ကြိုးပမ်းမှုကို ဆက်လက်ဝေဖန်ခဲ့ပါသေးတယ်။
ယွန်ရဲ့အရေးပေါ်အမိန့်ကြောင့် စစ်တပ်က မူလမှာ လွှတ်တော်ဥက္ကဋ္ဌ Woo Woo Shik ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင်နဲ့ သမ္မတရဲ့ အာဏာရပါတီဖြစ်တဲ့ ပြည်သူ့စွမ်းအား ပါတီဥက္ကဋ္ဌ ဟန်ဒေါင်ဟွန်ကို ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဒီမိုကရက်တစ်အမတ် Jo Seung Lae က လုံခြုံရေးကင်မရာက လှုပ်ရှားမှုတွေကြည့်ပြီး ပြောဆိုခဲ့ပေမဲ့ ဒီဖြစ်ရပ်တွေအပေါ် ယွန်ဆက်ခ်ယိုရဲ့ရုံးက အရာရှိတွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က ဗုဒ္ဓဟူးနေ့ အစောပိုင်းအထိ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။
ဒါပေမဲ့လည်း တောင်ကိုရီးယားနိုင်ငံကပြည်သူတွေရော၊ ကမ္ဘာကိုပါ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ထိတ်လန့်စေခဲ့တဲ့ ယွန်ဆက်ခ်ယိုကိုတော့ ရာနဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေက အမတ်တွေရဲ့ စည်းဝေးပွဲရှေ့မှာ စုဝေးကြပြီး သမ္မတကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ဆိုင်းဘုတ်တွေ ဝှေ့ယမ်း တောင်းဆိုခဲ့ကြသလို လူနည်းစုအတိုက်အခံပါတီခေါင်းဆောင် Cho Kuk က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံပြီး ပြည်သူကိုထိတ်လန့်စေခဲ့တဲ့ ယွန်ဆက်ခ်ယိုကို အခြားပါတီက အမတ်တွေရဲ့ အားနဲ့ စွပ်စွဲပြစ်တင်ဖြုတ်ချမယ်လို့ ကြုံးဝါးခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးမလိုချင်တဲ့ တောင်ကိုရီးယားပြည်သူတွေဟာ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ပယ်ဖျက်ပေးဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ထိပ်တိုက်တိုးပြီး ချက်ချင်းဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ အကြမ်းဖက် ဖျက်ဆီးခဲ့မှု မရှိသလို သမ္မတယွန်ဆက်ခ်ယိုက အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းပေးမယ်လို့ သိရချိန်မှာလည်း “ငါတို့နိုင်ပြီ”လို့ ကြွေးကြော်ခဲ့ကြပါသေးတယ်။
Ref, Photo AP & Aljazeera & DW & First Post