MT News
၄. ၁၂. ၂၀၂၄
ယခု ပညာသင်နှစ်အတွက် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားအား ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ ဒီဇင်ဘာ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ကြေညာချက်အရ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်အား မတ်လ ၁၇ ရက်၊ အင်္ဂလိပ်စာဘာသာရပ်အား မတ်လ ၁၈ ရက်၊ သင်္ချာဘာသာရပ်အား မတ်လ ၁၉ ရက်တို့တွင် နေ့စဥ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။
ထို့အတူ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား မတ်လ ၂၀ ရက်၊ ရူပဗေဒဘာရပ်နှင့် သမိုင်းဘာသာရပ်တို့အား မတ်လ ၂၁ ရက်၊ ဇီဝဗေ ဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား မတ်လ ၂၂ ရက်တို့တွင် နေ့စဥ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ယမန်နှစ်များကဲ့သို့ လူမှုးသိပ္ပံနှင့် စိတ်ကြိုက်မြန်မာစာဘာသာတွဲ ဖြေဆိုသူ ပါဝင်လာမှုမရှိတော့သည်ကိုလည်း တွေ့မြင်ရသည်။
မြန်မာနိုင်ငံစာစစ်ဦးးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်ဇယားအရ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများမှာ ပိတ်ရက်မရှိဖြေဆိုရမည်ဖြစ်ပြီး ထိုသို့ ပိတ်ရက်မရှိဖြေဆိုရမှုကို ယမန်နှစ် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၏ ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဥ်က စတင်ခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်း စာစစ်ဌာန ၈၃၀ ၊ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိခဲ့ပြီး လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးရှိခဲ့သည့်အတွက် ဖြေဆိုသူဦးရေ ၈၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိခဲ့သည့်အပြင် အထူးအစီအစဉ်နှင့် ဖြေဆိုခဲ့သူဦးရေ ၁၈၅ ဦးရှိ၍ စုစုပေါင်း ဖြေဆိုသူ ၁၂၈,၈၂၀ ရှိခဲ့ပြီး ၇၄,၅၉၂ ဦး အောင်မြင်ခဲ့သဖြင့် ဖြေဆိုသူဦးရေ၏ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။