၃. ၁၂. ၂၀၂၄
Translated by Tha Doe
မြောက်ကိုရီးယားကို လိုလားတဲ့အင်အားစုတွေနဲ့ အတိုက်အခံပါတီအင်အားစုတွေဟာ နိုင်ငံတော်ပျက်စီးအောင် လုပ်ဆောင်နေတယ်လို့ ပြောကြားပြီး တောင်ကိုရီးယားသမ္မတ ယွန်ဆက်ခ်ယိုလ်ဟာ တောင်ကိုရီးယားနိုင်ငံကို အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
“မြောက်ကိုရီးယား ကွန်မြူနစ်တပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့အတွက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တာပါ။ ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုကို လုယူနေတဲ့ မြောက်ကိုရီးယားလိုလားတဲ့ နိုင်ငံတော် ဆန့်ကျင်ရေး အင်အားစုတွေကို ချေမှုန်းဖို့နဲ့ လွတ်လပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့၊ အမိန့်ပေးပါတယ်” လို့လည်း ယွန်ကပြောပါတယ်။
၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကြေညာလာတဲ့ တောင်ကိုရီးယားသမ္မတရဲ့ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ အတူ အမျိုးသားလွှတ်တော် ပင်မအဆောက်အအုံဆီ စစ်သားတွေက ချီတက်ပိတ်ဆို့နေသလို ယွန်ဆက်ခ်ယိုလ်ရဲ့ ဒီညနှောင်းပိုင်းမှာ ရုပ်မြင်သံကြားကနေ တစ်နိုင်ငံလုံးကို မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာအပြီး တောင်ကိုရီးယားနိုင်ငံတွင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ဆိုးလ်မြို့မှာရှိတဲ့ စင်ကာပူသံရုံးက ပြောလာပါတယ်။ “ကိုရီးယားသမ္မတနိုင်ငံရှိ စင်ကာပူနိုင်ငံသားအားလုံးကို တည်ငြိမ်အေးချမ်းစွာနဲ့ သတင်းစောင့်ကြည့်ဖို့ တိုက်တွန်းပါတယ်”လို့လည်း စင်ကာပူသံရုံးက ထုတ်ပြန်အသိပေးခဲ့သလို အမေရိကန်စစ်သား ၂၈၅၀၀ ခန့် တပ်စွဲထားတဲ့ အမေရိကန်ကလည်း တောင်ကိုရီးယားရဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ တောင်ကိုရီးယားအစိုးရနဲ့ အဆက်အသွယ်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တရုတ်သံရုံးကလည်း တောင်ကိုရီးယားရောက် သူ့နိုင်ငံသားတွေကို သတိထားဖို့ တိုက်တွန်းခဲ့ပြီး “တောင်ကိုရီးယားရောက် တရုတ်လူမျိုးတွေ ငြိမ်သက်စွာနေဖို့၊ ဘေးကင်းရေး အသိပညာတွေ မြှင့်တင်ဖို့၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြည်ဖို့နဲ့ နိုင်ငံရေးအမြင်တွေ ဖော်ပြရာမှာ သတိထားဖို့” အကြံပြုခဲ့ပါတယ်။
ဒါပေမဲ့လည်း တောင်ကိုရီးယားသမ္မတ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းပေးဖို့ အဆိုကို တောင်ကိုရီးယားအမျိုးသားလွှတ်တော်က အဖွဲ့ဝင် ၃၀၀ ရှိတဲ့အထဲ အမတ် ၁၉၀ ရဲ့ထောက်ခံမှုနဲ့ အတည်ပြုခဲ့သလို ယွန်ရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်က တရားမဝင်ဘူးလို့လည်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
လက်ရှိ တောင်ကိုရီးယားမှာ အခြေအနေတင်းမာနေပြီး လွှတ်တော်အမတ်တွေကို ပိတ်ဆို့ထားသလို အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကို ဆန္ဒပြနေတာကြောင့် လူထုအုံကြွမှု အခြေအနေတစ်ရပ်ကို ရင်ဆိုင်ရမယ့် အခြေအနေဖြစ်လာနေပြီး တောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေအင်းကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီက ချောက်ကမ်းပါး အစွန်းမှာရောက်နေပြီး ဒီပြိုလဲလုဆဲဆဲ အခြေအနေကို လွှတ်တော်က တည့်မတ်ပေးဖို့လိုတယ်လို့ X မှာ ရေးသားခဲ့ပါတယ်။
ယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့်က သူကိုယ်စားပြုတဲ့ အာဏာရပါတီကိုပါ တုန်လှုပ်စေခဲ့ပြီး သူ့ရဲ့ ပြည်သူ့စွမ်းအား ပါတီဥက္ကဋ္ဌ ဟန်ဒေါင်ဟွန်က ယွန်ရဲ့ဆုံးဖြတ်ချက်က မှားယွင်းကြောင်းနဲ့ တားဆီးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သလို လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မှူးတွေရဲ့ အစည်းအဝေး၊ ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးပေါ်အစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစည်းအဝေးတွေ ကျင်းပနေပြီး တောင်ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းမှာလည်း ဒီည ကိုရီးယားတစ်နိုင်ငံလုံး အခြေအနေတွေက ရုန်းရင်းဆန်ခတ်နဲ့ လူထုအုံကြွမှုဖြစ်နေတယ်လို့ ဖော်ပြနေကြပါတယ်။
Ref, CNA & Gurdian