၃.၁၂.၂၀၂၄
Written By Thandar
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဂီတနဲ့ရုပ်ရှင်ပေါင်းစပ်ပုံဖော်ထားတဲ့ “အိပ်မက်ကာရန်” Musical ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ နီနီ International သွားတဲ့အခါမျိုးမှာ Musical Show လေး သွားကြည့်ဖြစ်တယ်။ ကြည့်ပြီး ကိုယ်တိုင်လည်း သိပ်ကြိုက်တာပဲ။ ကိုယ့်ဆီမှာလည်း Theatre ကတဲ့ Musical Play လေးတွေ Theatre Play တွေ ကြည့်ချင်တယ်။ အရင်ဆုံးက ပရိသတ်ကိုလည်း Musical Play ကြည့်စေချင်တယ်။ အဲဒါကြောင့် Musical ရုပ်ရှင် ရိုက်ချင်တဲ့ Idea ရတယ်။ ၂၀၁၈ ခုနှစ်မှာ နီနီရဲ့ သူငယ်ချင်းစနိုးနဲ့ တိုင်ပင်ဖြစ်တယ်။ သီချင်းလေးတစ်ပုဒ် နီနီ စ,ရတယ်။ ကာရန်ဆိုတဲ့ ယောက်ျားသီချင်းလေးတစ်ပုဒ် စ ရခဲ့တယ်။ ကိုယ့်ဘာသာကိုယ်ရေးတာ။ လှလိုက်တာ ကာရန်လေး ရယ်ဆိုပြီး ဇာတ်လေးဖြစ်သွားတာပါ။ ဒီဇာတ်ကားက တကယ်တော့ လက်တွေ့ဘဝနဲ့ အိပ်မက်ကြား အားပြိုင်မှုတွေနဲ့ အချစ်၊ အမုန်း၊ အလွမ်း၊ အဆွေးတွေနဲ့ရိုက်ကူးထားတာပါ”လို့ ထုတ်လုပ်သူ အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။
ရက်ဒ်ဒီရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်လမ်း နီနီခင်ဇော်၊ ဇာတ်ညွှန်း မိုးနီလွင်တို့က ရေးသားထားပြီးတော့ ဒါရိုက် တာ ဝင်းလွင်ထက်၊ Music Director အနေနဲ့ အကယ်ဒမီ ဓီရာမိုရ်တို့က ၂၀၂၀ ပြည့်နှစ်က ပုံဖော်ခဲ့သလို ပြန်လည် ရိုက်ကူးမှုကိုတော့ ၂၀၂၄ ခုနှစ်လိုအပ်ချက်တွေ ပြင်ဆင်ပြီး ပြန်လည်အကောင်းဆုံး ပုံဖော်ထားတယ်လို့ သိရပါတယ်။
ဒီ Musical ဇာတ်ကားမှာတော့ တေးသီချင်းကောင်းတွေ ၂၄ ပုဒ်ကိုထည့်သွင်းထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး၊ လွှမ်းပိုင်၊ နီနီခင်ဇော်၊ Special Guest အနေနဲ့ မေခလာ ၊ တင်ဇာမော် ၊ ချောစုခင် ၊ အောင်ထက်၊ စိုင်းစည်တွမ်ခမ်း၊ ဝိုင်းလေး၊ ယွန်းရွှေရည်၊ ဆုမြတ်နိုးဦး၊ စင်သီယာ၊ ရွှေပိုးကောင်၊ ဆွိ၊ အောင်ကိုမိုး စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“အိပ်မက်ကာရန်” Musical ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။