၃. ၁၂. ၂၀၂၄
Written by Nay Moe
TNLA ထုတ်ပြန်ခဲ့သလိုမျိုးပဲ ခုခံစစ်ကို ကိုင်စွဲပြီး ပြည်တွင်းစစ်ရေးပဋိပက္ခအပေါ် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားတယ်လို့ တရုတ်ကိုးကန့် MNDAA က ဒီနေ့မှာ ထုတ်ပြန်လာပြန်ပါတယ်။
တရုတ်နိုင်ငံကြောင့် လားရှိုးကို ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းမယ်လို့ လိမ်လည်ကြေညာချက်ထုတ်ပြီး လားရှိုးမြို့နဲ့ ရမခကို အပြင်းအထန် တိုက်ခိုက်သိမ်းယူခဲ့တဲ့ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ရဲ့ ဒီနေ့ကြေညာချက်မှာလည်း စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ အပြစ်မဲ့ပြည်သူလူထု အကျိုးကို ငဲ့ညှာထောက်ထားလိုတယ်ဆိုတာ၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ကာကွယ် ထိန်းသိမ်းလိုတာ၊ ပြည်တွင်းစစ်ရေးပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်ဖို့အတွက် MNTJP/MNDAA က နိုင်ငံတော်ခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းကို ပြုလုပ်မှာမဟုတ်ကြောင်း၊ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်ကြောင်း၊ MNDAA အနေနဲ့ နိုင်ငံတော်အချုပ် အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစ်စိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမယ့်အကြောင်း၊ MNDAA တပ်တွေက ဒီနေ့ကစ ချက်ချင်း အပစ်အခတ်ရပ်စဲပြီး အစပြုထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း၊ တပ်မတော်က ဝေဟင်၊ မြေပြင်ထိုးစစ်ဆင်တာ ရပ်ဆိုင်းပေးရမယ်ဆိုတဲ့အကြောင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ MNTJP/MNDAA အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခနဲ့ အမြင်သဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပေခဲ့ ခုခံစစ်ကို ဆက်လက်စွဲကိုင် ကျင့်သုံးသွားမယ်လို့ ဖော်ပြထားပါတယ်။
MNDAA လိုပဲ TNLA ကလည်း စစ်ရေးတင်းမာမှုပဋိပက္ခကို ခုခံစစ်နဲ့ ဖြေရှင်းချင်တယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒီ ထုတ်ပြန်ချက်ဟာ SAC ဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန်တို့ တွေဆုံဆွေးနွေးချိန် ပြောကြားခဲ့သလို TNLA နဲ့ MNDAA တို့က အမှန်တကယ်ငြိမ်းချမ်းရေးရလိုကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်မှု ပါမလာဘူးလို့ ဝေဖန်မှုတွေ အကြီးအကျယ်ထွက်ပေါ်ခဲ့တာကြောင့် ခုခံစစ်နဲ့ ငြိမ်းချမ်းရေးရချင်တယ်လို့ ထုတ်ပြန်အပြီး ငါးရက်အကြာ နိုဝင်ဘာ ၃၀ မှာ TNLA လုယက်သိမ်းယူထားတဲ့ ကျောက်မဲ လေကြောင်းဗုံးကြဲခံရပြီး လူ ၁၀ ဦး သေခဲ့ပါသေးတယ်။