◾️ ကုန်ဈေးနှုန်းကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ စနစ်တကျ စိစစ်ကြပ်မတ်ရန်ပါ မှာကြား
၃. ၁၂. ၂၀၂၄
Written by Nyein Kyaw
အခြေခံစားကုန်ဈေးနှုန်းကြီးမြင့်လာမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများအား ရောင်းချရာတွင် သင့်တင့်လျောက်ပတ်သည့် အမြတ်တင်ကိုသာတင်၍ ရောင်းချသွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ပတ်သက်၍ အသား၊ ငါးနှင့် အခြေခံစားကုန် ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ၏ အခြေခံစားကုန်များနှင့် ပတ်သက်၍ သင့်တင့်လျောက်ပတ်သည့် အမြတ်ကိုသာတင်၍ ရောင်းချသွားရန်လိုကြောင်း၊ ပြည်သူများအား ရောင်းချရာတွင် အမြတ်ငွေနည်းနည်းနှင့် ပမာဏများများရောင်းချနိုင်ခြင်းဖြင့် ပြည်သူလူထု သက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကုန်ဈေးနှုန်းကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျစိစစ် ကြပ်မတ်ဆောင်ရွက်ကြရန်လိုပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်းများဖြစ်စေရေး စေတနာထား၍ အပင်ပန်းခံဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံအတွင်း ဝင်ငွေနှင့် ထွက်ငွေကိုလည်း မျှတအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင် ရွက်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်လိုကြောင်း၊ လက်ရှိတင်ပို့နေသည်ထက် နှစ်ဆခန့် ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုကို ယခုထက်တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများအပေါ် Incentive များပေးရန်လိုကြောင်း၊ အလုပ်အကိုင်များဖန်တီးရာတွင် လိုအပ်သည့် သွင်းအားစုများကိုလည်း လုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး “မှတစ်ပါး အခြားမရှိ” ကြောင်း၊ ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ဈေးကွက်ရှိပြီး အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများဖြစ်ရန်လိုကြောင်း၊ ကုန်ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေး ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်နှစ်ချက်ဖြင့် ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန်ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။