၃. ၁၂. ၂၀၂၄
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H. E. Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှေးယခင်ကတည်းက ရင်းနှီးသည့်ဆက်ဆံမှုများရှိခဲ့ပြီး ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန်အလှန်သွားရောက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိမှုနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိမှု အခြေအနေတို့ကို ဆွေးနွေးခဲ့သည်။
အလားတူ မြန်မာနိုင်ငံ၌ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှလေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့် အခြေအနေများ၊ ဥပဒေပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုများဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်နိုင်မှုအခြေအနေများ၊ လူငယ်ရေးရာကိစ္စရပ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ၊ အပြန်အလှန်ကုန်သွယ်မှု လုပ်ငန်းများတိုးတက်စေရေး ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေးခဲ့သည်။
ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် စက်မှုလုပ်ငန်းများ တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ၊ စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။