◾ ဖမ်းဆီးခံထားရသော ထိုင်းငါးဖမ်းသမား ၄ ဦး ဘေးကင်းလုံခြုံနေပြီး မကြာမီ ပြန်လွှတ်ဖွယ်ရှိနေဟု ထိုင်းဝန်ကြီးချုပ် ပြော
၃.၁၂. ၂၀၂၄
Written by Shwe Phyo
ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာရေတပ်က ဖမ်းဆီးခြင်းခံထားရသော ငါးခိုးဖမ်းသူ ထိုင်းနိုင်ငံသား ငါးဖမ်းသမားလေးဦး ဘေးကင်းလုံခြုံစွာရှိနေပြီး မကြာမီ ပြန်လည်လွတ်မြောက်လာဖွယ်ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် ပေတွန်တန် ရှင်နာဝါထရာက ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းငါးဖမ်းသမားလေးဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရကို စာပေးပို့ထားကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာအစိုးရနှင့် ချိတ်ဆက်ပြီး ထိုင်းငါးဖမ်းသမားများ အမြန်ဆုံးပြန်လည်လွတ်မြောက်စေရန် စေ့စပ်ဆွေးနွေးနေကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောသည်။
ထိုင်းဝန်ကြီးချုပ်က ” ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ အတည်ပြုရမယ်ဆိုရင် ဖမ်းဆီးခံထားရတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး မကြာမီ ပြန်လွတ်ဖွယ်ရှိနေပါတယ်။ ထိုင်းစစ်တပ်ကလည်း လိုအပ်တာတွေကို ပူးပေါင်းဆောင်ရွက်နေတယ်” ဟု ပြောသည်။
ထိုင်းငါးဖမ်းသင်္ဘောသည် ပြီးခဲ့သောရက်ပိုင်းက မြန်မာရေပိုင်နက်အတွင်းသို့ ဝင်ရောက်ကာ ငါးဖမ်းသည့်အတွက် ဖမ်းဆီးခံရပြီး ငါးဖမ်းသင်္ဘောပေါ်တွင် ထိုင်းနိုင်ငံသား ၄ ဦးအပါအဝင် လူပေါင်း ၃၁ ဦးပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးဖမ်းသင်္ဘောပေါ်တွင် ထိုင်းနိုင်ငံသား ၄ ဦးအပြင် မြန်မာနိုင်ငံသား ၂၇ ဦးပါဝင်ခဲ့ကြောင်း၊ ထိုင်းအစိုးရသည် ထိုင်းငါးဖမ်းသမားများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာအစိုးရကို ကန့်ကွက်ပြောဆိုခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ထိုင်းငါးဖမ်းလှေအား မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ငါးခိုးဖမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်များနှင့် ဆက်နွှယ်နေသည့်ပစ္စည်းများပါ တွေ့ရှိ၍ စစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု SAC အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသလို ဖမ်းဆီးမှုအား ထိုင်းနိုင်ငံသို့ တရားဝင်အကြောင်းကြားထားပြီး အစိုးရချင်း၊ တပ်မတော်ချင်းပါ ကောင်းမွန်သည့် အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်မှုများရှိသည်ဟု ပြောဆိုထားသည်။
Ref, matichon