၃.၁၂. ၂၀၂၄
Written by Shwe Phyo
BBC သတင်းဌာနသည် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့သြဇာလွမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ ဦးစာရင်းကို ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ အကြမ်းဖက်မှုပုဒ်မနှစ်ခုဖြင့် ထောင်တစ်သက်တစ်ကျွန်းကျနေပြီး သတင်းထောက်ဟောင်းနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူလည်းဖြစ်သော မြန်မာအမျိုးသမီးဒါရိုက်တာကိုပါ ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။
BBC သတင်းဌာနသည် ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍ၊ အင်တာတိန်းမန့်နှင့် အားကစားကဏ္ဍ၊ နိုင်ငံရေးနှင့်ဥပဒေကဏ္ဍ၊ ကျန်းမာရေးနှင့်နည်းပညာကဏ္ဍတို့နှင့်ဆက်နွယ်ပြီး ကမ္ဘာ့သြဇာလွမ်းမိုးမှုအရှိဆုံးအမျိုးသမီး ၁၀၀ ဦးစာရင်းကို သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍအတွက် သြဇာလွမ်းမိုးမှုအရှိဆုံးအမျိုးသမီးများစာရင်းထဲတွင် သတင်းထောက်ဟောင်းနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မြန်မာအမျိုးသမီးဒါရိုက်တာ ရှင်ဒေဝီ ပါဝင်လာခဲ့ကြောင်း သိရသည်။
ရှင်ဒေဝီသည် အကြမ်းဖက်တိုက်ဖျက်မှုဆိုင်ရာဥပဒေများကို ချိုးဖောက်သူအဖြစ် ယခုနှစ်အတွင်း စုံစမ်းစစ်ဆေးခံခဲ့ရပြီး ထို စွဲချက်များကို ငြင်းဆန်ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုအရ တစ်သက်တစ်ကျွန်းထောင်ဒဏ် အပြစ်ပေးခံခဲ့ရသည်။
ရှင်ဒေဝီသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတည်းက စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သလို DVB နှင့် Burma VJ သတင်းထောက်ဟောင်းလည်းဖြစ်ပြီး ဇာတ်လမ်းတိုမှတ်တမ်းရုပ်ရှင်အများအပြားကို ရိုက်ကူးခဲ့ကာ မှတ်တမ်းတို ရုပ်ရှင်ပေါင်း အနည်းဆုံး ၁၂ ခုကို ဒါရိုက်တာအဖြစ် စီစဉ်ညွှန်ကြားခဲ့ဖူးကြောင်း သိရသည်။
Ref, bbc