၃. ၁၂. ၂၀၂၄
Written by Nay Moe
ရန်ကုန်မြို့အတွင်း အကြမ်းဖက်သတ်ဖြတ်မှု ၁၇၈ ကြိမ် ကျူးလွန်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသော ဇေယျာသော်၏ ဖခင် ဒေါက်တာမြသော်မှာ အသက် ၇၈ နှစ်အရွယ် ယနေ့တွင် သေဆုံးသွားပြီးနောက် သေဆုံးသည့် ဗဟိုရ်စည်အထူးကုဆေးရုံမှ အလောင်းယူလာပြီးပြီးချင်းပင် ရေဝေးသုသာန်၌ တိုက်ရိုက် ချက်ချင်းမီးသင်္ဂြိုဟ်လိုက်သည်ဟု နာရေးကူညီမှုအသင်း – ရန်ကုန်က သတင်းဖော်ပြသည်။
ဒေါက်တာမြသော်သည် မန္တလေးသွားဘက်ဆိုင်ရာဆေးပညာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းနှင့် NLD ပါတီ ကျန်းမာရေးကွန်ရက်၏ ဒုဥက္ကဋ္ဌသည် ယနေ့ နံနက် ၈ နာရီခန့်တွင် ရန်ကုန်မြို့ရှိ ဗဟိုရ်စည်ဆေးရုံကြီး၌ ကွယ်လွန်သွားခြင်းဖြစ်ပြီး မည်သည့်ရောဂါကြောင့် သေဆုံးရသည်ကို မိသားစုက သတင်းမထုတ်ပြန်သလို မည်သည့်အတွက်ကြောင့် ဗဟိုရ်စည်ဆေးရုံမှ အလောင်းယူလာပြီး ချက်ချင်းသင်္ဂြိုဟ်ရသည်ဆိုသည့်အပေါ်လည်း နာရေးကူညီမှုအသင်း – ရန်ကုန်က သတင်းဖော်ပြမှု မရှိချေ။
NUG ၏ စေခိုင်းမှုကြောင့် တရားခံ မောင်ကျော် (ခ)ဖြိုးဇေယျာသော်သည် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့် အစိုးရ အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှု(၃၀)ကြိမ်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးများအား ဖောက်ခွဲဖျက်ဆီးမှု(၃၂)ကြိမ်၊ လျှပ်စစ်ရုံးနှင့်အနီးဝန်းကျင် ဖောက်ခွဲဖျက်ဆီးမှု (၉)ကြိမ်၊ ကညနရုံးနှင့် အနီးဝန်းကျင် ဖောက်ခွဲဖျက်ဆီးမှု (၉)ကြိမ်၊ ယာဉ်ထိန်းရုံးများအား ဖောက်ခွဲဖျက်ဆီးမှု (၁၂)ကြိမ်၊ CCTV Control Box များအား ဖောက်ခွဲ ဖျက်ဆီးမှု (၅)ကြိမ်၊ အပြစ်မဲ့ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးမှု (၆၀)ကြိမ်၊ ဘာသာရေးဆိုင်ရာ အဆောက်အဦအနီး ဖောက်ခွဲဖျက်ဆီးမှု (၂)ကြိမ်၊ စာသင်ကျောင်းများအား ဖောက်ခွဲဖျက်ဆီးမှု(၃)ကြိမ်၊ စုစုပေါင်း ၁၇၈ ကြိမ်ရှိသည့်အပြင် အကြမ်းဖက် သတ်ဖြတ်ကျူးလွန်ခဲ့မှုအနေဖြင့် ၃၆ ကြိမ်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် မောင်ကျော်(ခ) ဖြိုးဇေယျာသော်နှင့် ထိုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်မှုများကျူးလွန်မှုဦးဆောင်သူ ကျော်မင်းယု (ခ) ဂျင်မီတို့ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် သေဒဏ်ချမှတ်ခဲ့ပြီး ဇူလိုင်လကုန်ပိုင်းအတွင်း စီရင်ခဲ့သည်။
ပုံစာ။ ဒေါက်တာမြသော် နာရေးမြင်ကွင်း (ဓာတ်ပုံ – နာရေးကူညီမှုအသင်း – ရန်ကုန်)