၃.၁၂.၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွားလျက်ရှိရာ သေဆုံးသူအရေအတွက်မှာ ၂၅ ဦးအထိ ရှိနေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာလ ၃ ရက်တွင်ပြောကြားခဲ့ကြသလို မိုးလေဝသ ခန့်မှန်းချက်များက ရက်အတန်ကြာ မိုးပိုမို ရွာသွန်းနိုင်သေးကြောင်းလည်း ပြောခဲ့ကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေလွှမ်းမိုးမှုက နိုဝင်ဘာလ ၂၂ ရက်မှစ၍ သက်ရောက်မှုရှိခဲ့ခြင်းဖြစ်ရာ ဒေသအတွင်း အိမ်ပေါင်း ၆၆၀,၀၀၀ ကျော် သက်ရောက်မှုရှိခဲ့သည်။ ရေလွှမ်းမိုးမှုကို အဆိုးဆုံးခံရသည့် ပတ်သနီ၊ နာရာသီဝပ်၊ ဆွန်ခလာနှင့် ရာလ ပြည်နယ်များတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၂၂,၀၀၀ ကျော် နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြောခဲ့သည်။ ရေလွှမ်းမိုးမှုဒဏ်ကို ထိုင်းတောင်ပိုင်းပြည်နယ်ခြောက်ခုတွင် လူ ၅၃၄,၀၀၀ ဦးနီးပါးခံစားခဲ့ရကြောင်း သိရသည်။
ဆွန်ခလာပြည်နယ်အတွင်းမှ ကြက်ခြံပိုင်ရှင်တစ်ဦးဖြစ်သော ဆူဝါ့စ် ဘင် အူးမားက ၎င်း၏ကြက်ခြံတစ်ခုလုံး ရေလွှမ်းမိုးခံရကာ ကြက်ကောင်ရေ ၁၀,၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် အနည်းဆုံး ဘတ်ငွေ သုံးသန်းဖိုးခန့်(အမေရိကန်ဒေါ်လာ ၈၇,၀၀၀ ခန့်) ဆုံးရှုံးခဲ့ရကြောင်း ပြောခဲ့သည်။
ထိုင်းမိုးလေဝသဌာနက ဒေသအတွင်း ဒီဇင်ဘာလ ၅ ရက်အထိ မိုးရွာနိုင်သေးကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ ထိုင်းအစိုးရကလည်း ရေဘေးကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးအသင်းများ စေလွှတ်ခဲ့ပြီး ပြည်နယ်တစ်ခုလျှင် ဘတ်သန်း ၅၀ စီ ရေဘေးကယ်ဆယ်ရေးရန်ပုံငွေအဖြစ် သတ်မှတ်ခဲ့သည်။
ဒီဇင်ဘာလ ၃ ရက်တွင် ထိုင်းအစိုးရအဖွဲ့က ရေဘေးဒဏ် ခံရသော မိသားစုတစ်စုလျှင် ဘတ် ၉,၀၀၀ ကျ အကူအညီပေးရန်သတ်မှတ်ခဲ့သည်။
Ref- CNA