၃. ၁၂. ၂၀၂၄
Written by Thettant
မြန်မာပရိသတ် အချစ်တော် ရိုးရာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးဟာ နိုဝင်ဘာ ၃၀ ရက်က ကားမှောက်လို့ ဒဏ်ရာအပြင်းအထန်ရသွားတာကြောင့် သူ့လိုပဲ ထိုင်းနိုင်ငံပရိသတ်အချစ်တော် မွေထိုင်းအကျော်အမော် Seksen နဲ့ ထိုးသတ်ရမယ့်ပွဲ ပျက်ပြားသွားခဲ့ရပြီလို့ ကနဦး အသိပေးပေမဲ့ လက်ရှိမှာတော့ ရရှိဒဏ်ရာတွေ သက်သာလာတာကြောင့် ထိုးသတ်ပွဲမပျက်ဘူးလို့ အသိထပ်ပေးလာပါတယ်။
ကားမှောက်ပြီးစမှာ စိုးလင်းဦးက”မနေ့က ညနေ နိုဝင်ဘာ ၃၀ ရက်က ကျွန်တော်တစ်ယောက်တည်း တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ် မမိတော့လို ကားနဲ့အတူ ကျွန်တော်တောင်ကုန်းပေါ်ကနေ အောက်ထိ လိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်။ ရှေ့လပွဲကတော့ ကျွန်တော်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ၊ ကူညီပေးကြတဲ့သူ အယောက်စီတိုင်း ကျေးဇူးတင်ပါတယ်”လို့ ဒီဇင်ဘာ ၁ ရက်မှာ ကနဦး အသိပေးခဲ့တာပါ။
အဲဒီနောက် One ဘက်ကလည်း စိုးလင်းဦးကားမှောက်ပြီး ဒဏ်ရာအပြင်းအထန်ရလို့ ပွဲပျက်သွားပြီလို့ ဒီဇင်ဘာ ၂ ရက်မှာ ကြေညာခဲ့ပြီး Seksen နဲ့ ထိုးသတ်ယှဥ်ပြိုင်သူအသစ် ဘယ်သူဖြစ်လာမယ်ထင်လဲလို့ ပဟေဠိဖွက်ခဲ့ပေမဲ့ ဒီနေ့မှာတော့ စိုးလင်းဦးကပဲ ပွဲမပျက်တော့ကြောင်း အသိပေးလာတာပါ။
“ကျွန်တော် ကား Accident ဖြစ်တဲ့အတွက် ကျွန်တော့်စိတ်ပူပေးကြတဲ့ ကျွန်တော့်ညီကိုမောင်နှမတွေ၊ အားပေးနေကြတဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော်ကျေးဇူးတင်တယ်။ ကျွန်တော်ဆေးရုံရောက်လာတဲ့အချိန်မှာ ကျွန်တော့်ကိုလာပြီးတော့ အားပေးစကားပြောကြတဲ့ ညီကိုမောင်နှမအယောက်စီတိုင်းကို ကျွန်တော်ကျေးဇူးတင်တယ်။ ဒီနေ့မှာတော့ ကျွန်တော်ဆေးရုံက ဆင်းလာပြီ၊ ကျွန်တော် ဘာမှမဖြစ်တော့ဘူး။ ကျွန်တော်လုပ်နိုင်ပြီပေါ့။ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို စဉ်းစားကြည့်လိုက်ရင် ကျွန်တော့်ကို ဘုရားပေးတဲ့အသက်ပဲ ကျန်တော့တယ်။ အဲဒါကြောင့် ကျွန်တော် ဘုရားကို အရမ်းကျေးဇူးတင်တယ်။ ပြီးတော့ ကျွန်တော် လာမဲ့ပွဲကိုလည်း အကောင်းဆုံးကစားမယ်။ တချို့ ပရိသတ်ကတော့ ကျွန်တော့်ကို စိတ်ပူနေတယ်။ ကားဒီလောက်ဖြစ်တာ လူဘာမှမဖြစ်ဘူးပေါ့။ တချို့ပရိသတ်ကလည်း သံမဏိဆိုတော့ ဒီလိုပဲဖြစ်ရမှာပေါ့။ သံမဏိကတော့ ဒီလိုဖြစ်မှ သံမဏိလို့ ရမှာပေါ့။ နာမည်က သံမဏိဆိုတော့ လူလည်း သန်မာမှရမယ်ပေါ့။ ကျွန်တော် အရာအားလုံးအဆင်ပြေတယ်။ ကျွန်တော် ဘာမှမဖြစ်တော့ပါဘူး။ ကျွန်တော့်ကို စိတ်ပူပေးကြတဲ့ မိဘညီအစ်ကို မောင်နှမတွေအားလုံးကို၊ ကျွန်တော့်ကို အစစအရာရာ ကူညီပေးကြသူအားလုံးကိုရော ကျွန်တော်အရမ်းကို ကျေးဇူးတင်တယ်။ ကျွန်တော် အကောင်းဆုံး ပြန်ကြိုးစားမှာပါ” လို့ စိုးလင်းဦးက ဒီနေ့မှာ ထပ်ပြောလာပါတယ်။
အောင်လအလွန် One Championship မှာ မြန်မာ့ကိုယ်စားပြုကြယ်ပွင့်တစ်ပွင့်ဖြစ်လာတဲ့ စိုးလင်းဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် One Friday Fights 81 ထိုးသတ်ချိန် ဘင်တန်ဝိတ်တန်းမှာ နံပါတ် ၄ အဆင့်ရှိတဲ့ Nabil Anane ကို ရှုံးခဲ့ပေမဲ့လည်း လာမယ့်နှစ် ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပမဲ့ One 170 ပွဲမှာတော့ ထိုင်းပရိသတ်တွေအလိုကျ ဆက်ဆန် (Seksan) နဲ့ ထိုးသတ်ရတော့မယ့်အချိန်မှာ ကားမှောက်မှုကြောင့် လက်တွေနဲ့ လည်ပင်း၊ ဦးခေါင်းမှာ၊ ခန္ဓာကိုယ်ဒဏ်ရာရခဲ့လို့ ပွဲပျက်ရမလိုဖြစ်ပေမဲ့ သံမဏိစိုးလင်းဦးရဲ့ မာကျောမှုကြောင့်ပဲ ပွဲပြန်ထိုးသတ်ဖို့ ဖြစ်လာခဲ့ရတာပါ။
အသက် ၃၂ နှစ်အရွယ် စိုးလင်းဦးဟာ ONE Championship ကို ရောက်မလာခင်ကတည်းက မြန်မာနိုင်ငံမှာ ရွှေခါးပတ်ချန်ပီယံအဖြစ် လူသိများ ကျော်ကြားနေသူပါ။ ၇၄ ပွဲထိုးသတ်ထားရာမှာ ၃ ပွဲပဲ ရှုံးဖူးတဲ့ မြန်မာ့လက်ဝှေ့သူရဲကောင်းဟာ သူ့ရဲ့ One Championship ခရီးကို ဒီနှစ် ဖေဖော်ဝါရီမှာ ကျင်းပခဲ့တဲ့ ONE Friday Fights 52 မှာ အစပြုခဲ့ပြီး ပြိုင်ဘက် ဂျပန်ဖိုက်တာ Masayoshi Tsuhashi ကို အလဲထိုးနဲ့ အနိုင်ယူခဲ့သူပါ။ ဒါ့အပြင် ဖေဘီယိုရီးစ်နဲ့ ပွန်စီရိတိုလို မာကျောလှတဲ့ ဖိုက်တာတွေကိုပါ အလဲထိုးပြခဲ့လို့ သုံးပွဲဆက် အလဲထိုးအနိုင်ယူအပြီးမှာ ဒေါ်လာ တစ်သိန်းတန် စာချုပ်ရလာခဲ့သလို ဘင်တန်ဝိတ်တန်းမှာ ချန်ပီယံဆုစိန်ခေါ်နိုင်သူအဖြစ်လည်း အမြန်ဆုံးရောက်ရှိလာခဲ့ပြီး Man of Steel ဆိုတဲ့ ဂုဏ်ပုဒ်ကို ဝင့်ထည်စေခဲ့ပေမဲ့လည်း အရပ်တစ်ပေလောက် ကွာဟနေတဲ့ Nabil နဲ့ ထိုးသတ်ရာမှာတော့ ဘာတစ်ခုမှ အသာမရဘဲ တစ်ဖက်သတ် အထိုးခံရင်း အရှုံးပေးခဲ့ရပါတယ်။
ဒါပေမဲ့လည်း စိုးလင်းဦးဟာ မွေထိုင်းပရိသတ်တွေရဲ့ အချစ်တော် Seksan နဲ့ ထိုးသတ်ပုံ၊ မာဂုဏ်၊ ဇွဲလုံလ၊ သတ္တိ၊ ရုပ်ရည်တူညီနေတာတွေကြောင့် ထိုင်းနိုင်ငံမှာ လူသိများ ကျော်ကြားခဲ့သလို စိုးလင်းဦးနဲ့ ဆက်ဆန်ကို ထိုးသတ်စေလိုကြတဲ့ ထိုင်းပရိသတ်တွေတောင်းဆိုမှုအရ One က သူတို့နှစ်ဦးကို ပွဲတည်ပေးခဲ့တာပါ။
ပြိုင်ဘက်တွေအတွက် အိပ်မက်ဆိုးလို တင်စားခံရသူ ဆက်ဆန်ဟာ လက်ရှိမှာတော့ အသက် ၃၅ နှစ်အရွယ်ရှိနေပြီး စိုးလင်းဦးထက် သုံးနှစ်ကြီးပါတယ်။ အရပ်က ၅ ပေ ၆ လက်မသာရှိပြီး စိုးလင်းဦးထက် အနည်းငယ်နိမ့်ပေမဲ့ One မှာ ၁၀ ပွဲထိုးသတ်ထားရာမှာ ၉ ပွဲအနိုင်ရထားတဲ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်မှာ One က ထိပ်တန်းဖိုက်တာ လီယမ်ဟယ်ရစ်ဆင်ကို အလဲထိုးပြီး ဒေါ်လာ ၅၀၀၀၀ ဆုငွေရထားသူမို့လို့ စိုးလင်းဦးအဖို့ အသည်းချင်းထပ်ပြရမဲ့ လက်ရုံးရည်သာမက ပြိုင်ဘက် ဆက်ဆန်ရဲ့ အားနည်းချက်ပါ လေ့လာသုံးသပ်ပြီး အနိုင်ရနိုင်မယ့် နည်းဗျူဟာ နှလုံးရည်ပါ သုံးနိုင်မှ Nabil ကို ရှုံးနိမ့်ရတဲ့ အိပ်မက်ဆိုးက နိုးထနိုင်မှာပါလို သုံးသပ်မိရင်း….စိုးလင်းဦးလိုပဲ တခဲရုကို အလဲထိုးရှုံးနိမ့်ရာက One 170 မှာ စူရီယန်လက်ခ်ကို အနိုင်ယူပြီး ပြန်နိုးထပြရမယ့် သန့်ဇင်ဟာလည်း အကောင်းဆုံးပြန်လာနိုင်ပါစေ ဆုတောင်းရင်း…..။