၃. ၁၂. ၂၀၂၄
Written by Nyein Kyaw
မူဆယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မူဆယ်မြို့ နယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်မှ တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်သို့ နိုဝင်ဘာ ၃၀ ရက်မှစတင်၍ နေ့စဉ် ကုန်ကားအစီး ၅၀ နှင့် ဆိုင်ကယ်အစီး ၂၀၀ အား မဲနှိုက်စနစ်ဖြင့် အလှည့်ကျဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သည်များထံမှ သိရသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA ၊ AA နှင့် TNLA တို့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ၂၀၂၃ ခုနှစ် အောက်တို ဘာ ၂၇ ရက်တွင် စတင်ကြေညာခဲ့ပြီး အဓိကကုန်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် မြန်မာ-တရုတ်နယ်စပ် အဓိကတရားဝင်ဂိတ်ဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည်လည်း လက်ရှိအချိန်အထိ ပိတ်ထားရခြင်းဖြစ်သည်။
ယင်းအခြေအနေကြောင့် တရုတ်ဘက်မှ ကုန်စည်တင်သွင်းမှုများကို တင်းကျပ်နေမှုအပြင် လက်နက်ကိုင်အဖွဲ့အစည်းများက ပိတ်ဆို့ထားမှု၊ မှောင်ခိုလမ်းကြောင်းကိုပါ အသုံးမပြုနိုင်အောင် မိုင်းများထောင်ထား၍ မူဆယ်မြို့တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ စားဝတ်နေရေးအခက်အခဲများ ပိုမိုဆိုးရွားလာမှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
အထက်ပါ အခြေအနေများကြောင့် တရုတ်နိုင်ငံအနေဖြင့် ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းကို တရားဝင်အခွန်ဆောင်ကာ မန်ဝိန်းဂိတ်မှသာ ဖြတ်သန်းသွားလာခွင့်ပြုထားသော်လည်း လက်ရှိတွင် မူဆယ်မြို့တွင်းရှိ ဒေသခံပြည်သူများ အဆင်ပြေစေရန်အတွက် ဆင်ရှင်ဂိတ်မှတစ်ဆင့် မူဆယ်မြို့နယ်တစ်ခုစာ အဆင်ပြေစေမည့် ကုန်ပစ္စည်းပမာဏကိုသာ ပြန်လည်တင်သွင်းနိုင်ရန် ခွင့်ပြုးပေးခဲ့ခြင်းဖြစ်သည်။
“ဆင်ဖြူရှင်ဂိတ်ကနေကလည်း စားသောက်ကုန်ပါပဲ။ ဒါကတော့ အခွန်မကောက်ဘူးပေါ့ဗျာ။ ၂ ရာခိုင်နှုန်းကောက်လား၊ မကောက်လားတော့ သေချာမသိဘူး။ ဆိုင်ကယ်အစီး ၂၀၀ နဲ့ ကားအစီး ၅၀ ပေါ့။ ကားအစီးရေပေါ်မူတည်ပြီး အလှည့်ကျပေးမယ်ပေါ့ဗျာ။ စားသောက်ကုန်ပဲ လူသုံးကုန်မပေးဘူး။ လောလောဆယ်ကတော့ မူဆယ်မြို့တွင်း စားသောက်ကုန်ပဲ။ မူဆယ်က ဒီလိုလေ အောက်ပြည်အောက်ရွာကလည်း ဖြတ်လေးဖြတ် တက်မရဘူး။ တရုတ်ကလည်းဖြတ်လေးဖြတ် အဲဒီတော့ ဒေသရဲ့အနီးဆုံး ၁၀၅ မိုင်ဘက်ကလည်း သွားလို့မရဘူး။ အဲဒီတော့ လူတွေရဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စအတွက်ကိုတော့ ဒီလိုပေါ့လေ။ နှစ်ဖက်လုံးကိုတော့ ဒါ လေးစားပါတယ်။ နှစ်ဖက်လုံးကတော့ လူတွေ၊ အခုမြန်မာပြည်ပေါ့ဗျာ၊ သွားလာလှုပ်ရှားသွားလာနေတဲ့ လမ်းကြောင်းကိုတော့ အရင်ကလည်း ကုန်ကားလေးတွေနဲ့ သယ်ခွင့်ပေးတယ်။ နိုင်ငံရေးအခြေအနေကြာင့် ကုန်ပစ္စည်းတွေ တင်ခွင့်မပေးလိုက်တဲ့အခါကြတော့ မူဆယ်မြို့က ကြက်ခြင်းထဲက ကြက်ဖြစ်နေတာ။ အောက်ပြည်ကလည်း ဘာပစ္စည်းမှ ယူလို့မရဘူး။ မရတဲ့အခါ တရုတ်ပြည်က ဝယ်ရတယ်။ လိုအပ်ချက်အတိုင်း သွင်းပေးတဲ့သဘောပေါ့ဗျာ” ဟု မြန်မာ-တရုတ်နယ်စပ် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်မှစတင်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ဆင်ဖြူနယ်စပ်ဂိတ်မှ နေ့စဉ်ကားအစီးရေ ၅၀ နှင့် ဆိုင်ကယ်စီးရေ ၂၀၀ သာ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ဖြတ်သန်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသို့ ဝင်ရောက်လိုသော ကားများအနေဖြင့် သက်ဆိုင်ရာထံတွင် စာရင်းပေးရမည်ဖြစ်ပြီး မဲနှိုက်ကာ အလှည့်ကျစနစ်ဖြင့်သာ ကူးသန်းဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။
တရုတ်ဘက်မှ ပစ္စည်းများသယ်ဆောင်ရာတွင်လည်း မူဆယ်မြို့နယ်အတွင်း စားသုံးရန်ဖြစ်သော မီးဖိုချောင်သုံး အသီးအနှံများ၊ အသားနှင့် ငါးများကိုသာ ခွင့်ပြုပေးခြင်းဖြစ်သည်။ အေးခဲအသားများ အပါအဝင် အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ခွင့်မပြုကြောင်း၊ အိမ်စီးကားများ၊ စက်ဘီးနှင့် လက်တွန်း လှည်းများဖြင့် ကုန်ပစ္စည်းတင်ဆောင်မှု လုံးဝ(လုံးဝ) ခွင့်မပြုကြောင်း သိရသည်။