၃.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်က သူ့ရဲ့ နိုင်ငံရေးရာကော်မတီ(PAC) ကို ၂၀၂၄ ခုနှစ်မှာ ဒေါ်လာနှစ်သန်း ပံ့ပိုးပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင် ဘီလျံနာကြီးဖြစ်တဲ့ ဝါရင်စတီဖင်ကို ဩဇာတိက္ကမ ကြီးမားတဲ့ ရာထူးနေရာလို့လည်းဆိုရမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာသံအမတ်အဖြစ်ခန့်အပ်ဖို့ ဒီဇင်ဘာလ ၂ ရက်မှာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ Truth လူမှုကွန်ရက် စာမျက်နှာမှာ ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းက ထရန့်ကရေးခဲ့ရာမှာ စတီဖင်ကို ယူနိုက်တစ်ကင်းဒမ်း (ဗြိတိန်) နိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့သံအမတ်ကြီးအဖြစ် ရွေးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အထက်လွှတ်တော်က အတည်ပြုဖို့ လိုအပ်ဦးမှာပါ။
ထရန့်က “ဝါရင်စတီဖင်ဟာ အမေရိကန်ပြည်ထောင်စုအတွက် အမြဲတမ်းစဉ်းစားမျှော်လင့်ပြီး ဆောင်ရွက်ခဲ့သူပါ။ သူ့အနေနဲ့ ထိပ်တန်းသံတမန်တစ်ယောက်အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အရင်းနှီးဆုံးမဟာမိတ်နိုင်ငံမှာ တာဝန်ထမ်းခွင့်ရတော့မှာမို့လို့ ကျွန်တော့်အနေနဲ့ ဝမ်းမြောက် ပီတိဖြစ်ရတယ်” လို့ ပြောခဲ့ပါတယ်။
ဝါရင်စတီဖင်က ဖခင်ဖြစ်သူထံမှ လက်လွှဲတာဝန်ယူခဲ့ရတာဖြစ်တဲ့ အာကန်ဆက်ပြည်နယ်အခြေစိုက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Little Rock ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိလည်းဖြစ်ပါတယ်။
ထရန့်က သူ့ရဲ့ အစိုးရအဖွဲ့နဲ့ အဆင့်မြင့် သံတမန်ရာထူးနေရာတွေအတွက် ရွေးချယ်ခဲ့သူတွေက သူ့ကို တကယ်သစ္စာရှိမယ့်သူတွေလည်း ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်ကလည်း ထရန့်က သမက်ဖြစ်သူ Jared Kushner ရဲ့ဖခင် အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးအောင်ဆောင်ရွက်သူ Charles Kushner ကို ပြင်သစ်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်အဖြစ် ရွေးချယ်ခဲ့ပါသေးတယ်။
သူ့ရဲ့ သမ္မတသက်တမ်း ပထမလေးနှစ်ကာလအတွင်းမှာတော့ ထရန့်က သူ့အတွက် ရွေးကောက်ပွဲ မဲဆွယ်ပွဲလှုပ်ရှားမှုမှာ ပါဝင်ကူညီခဲ့သူနဲ့ နယူးယော့ခ်မြို့ Jets Football ဘောလုံးအသင်းပိုင်ရှင်ဖြစ်တဲ့ ရောဘတ်ဝုဒ်ဒီ ဂျွန်ဆန်ကို ဗြိတိန်နိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုရဲ့သံအမတ်ကြီးအဖြစ် ရွေးချယ်ခဲ့တာပါ။
Ref- AP