၃.၁၂. ၂၀၂၄
Written by Shwe Phyo
မလေးရှားတရားရုံးသည် ဒီဇင်ဘာ ၂ ရက်နေ့တွင် လူသတ်မှုကျူးလွန်ခဲ့သူအဖြစ် စွပ်စွဲခံရသော မင်းအောင် အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
မင်းအောင်အဖြစ် လူသိများသော မောင်သန်းခိုင်သည် လူသတ်မှုကျူးလွန်သူအဖြစ် ကနဦးစွပ်စွဲခံရပြီး စွဲချက်များကို ဝန်ခံထားကြောင်းလည်း Seremban ဒေသရှိ မလေးရှားတရားရုံးက ပြောသည်။
ထိုဖြစ်စဥ်မှာ ပြီးခဲ့သော ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က မလေးရှားနိုင်ငံ Jempol အရပ်ဒေသ ဘာဟာယူမြို့ရှိ စက်ရုံတစ်ခုတွင် မြန်မာနိုင်ငံသားအချင်းချင်း လူသတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၃၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား မိုးနိုင်ဆိုသူ သေဆုံးခဲ့ကြောင်း မလေးရှားသတင်းများတွင် ဖော်ပြခဲ့သည်။ ထိုလူသတ်မှုကို မလေးရှားအစိုးရရှေ့နေတစ်ဦးက ပြောဆိုရာတွင် မြန်မာနိုင်ငံသား နှစ်ဦးသည် ဖုန်းခိုးမှုကျူးလွန်သည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး အပြန်အလှန် စကားများရန်ဖြစ်ခဲ့ရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
အသတ်ခံရသော မိုးနိုင်ဆိုသူသည် ၎င်း၏ဖုန်းပျောက်ဆုံးရာမှ မင်းအောင်ကို ဖုန်းခိုးသူအဖြစ် စွပ်စွဲပြောဆိုခဲ့ပြီး အချင်းများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် မိုးနိုင်၏ခန္ဓာကိုယ်ကို စစ်ဆေးချိန်တွင် ဖုန်းကို ၎င်း၏အိတ်အတွင်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မလေးရှားအာဏာပိုင်များက ပြောသည်။
လူသတ်မှုကျူးလွန်သူအဖြစ်စွဲချက်တင်ခံရသော မင်းအောင်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီးနှစ်ဦးရှိနေကာ ၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း မလေးရှားအစိုးရရှေ့နေဖြစ်သူက ပြောသည်။
Ref: thestar