၃.၁၂.၂၀၂၄
Written By Zun
AA လက်နက်ကိုင်အဖွဲ့က လူအင်အားနှင့်လက်နက်များ စုဆောင်းသယ်ဆောင်ရာတွင် အဓိကအသုံးပြုနေပြီး ဆိပ်ကမ်းပါရှိသည့် တောင်ကုတ်မြို့နယ်မှ ခရိုင်ကျေးရွာ ဗုံးကြဲခံရ၍ ၂ သေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက MT News ကို ပြောသည်။
ထိုဖြစ်စဥ်မှာ ဒီဇင်ဘာ ၁ ရက် ညနေ ၃ နာရီကျော်အချိန်ခန့်က အဆိုပါကျေးရွာသို့ ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့သော ကြောင့် နှစ်ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ခရိုင်ရွာမှာ AA တွေ ရေကြောင်းအသုံးပြုနေတဲ့ ဆိပ်ကမ်းနေရာ(ကံဆိပ်)ကို ၂ လုံး၊ AA က လက်နက်တွေထားခဲ့တဲ့ အရင် ၈ လပိုင်းကလည်း ဗုံးကြဲခံခဲ့ရတဲ့ လက်ပံကျောင်းနားကို တစ်လုံး၊ AA က လူတွေကို ထားဖို့ ရွေးထားတဲ့ ရွာမဘုန်းကြီး ကျောင်းနားကို တစ်လုံး ကျတယ်။ ခရိုင်မှာက AA လုပ်ဆောင်မှုတွေ အခြေအနေ တော်တော်ဆိုးနေတယ်။ AA က သတင်းတွေ ပြန့်မှာစိုးရိမ်လို့ဆိုပြီး လက်ကိုင်ဖုန်းတွေကို သိမ်းတယ်။ ပြီးတော့ သူတို့က MEC ဖုန်းကို အထိုင်ချထားပြီး ဆက်ချင်သူတွေ လာဆက်၊ တစ်မိနစ်ကို ၅၀၀ ဆိုပြီးတော့ လုပ်ထားတယ်။ ရွာက AA ကို အားပေးတဲ့သူတွေက AA ကို ကြောက်နေကြပြီ။ အဲဒီရွာမှာ အရင်ကလည်း ဗုံးကြဲတာ ခံထားရတယ်။ AA စခန်းချတဲ့ စာသင်ကျောင်း၊ ဆိပ်ကမ်းရှိတဲ့ ကံဆိပ်၊ AA က လက်နက်တွေထားတဲ့ ဘုန်းကြီးကျောင်းတွေကိုကြဲတာ။ အဲဒီကတည်းက စာသင်ကျောင်းမှာ သူတို့ မနေတော့ဘူး။ ဘုန်းကြီးကျောင်းကလည်း သူတို့လာတာ မကြိုက်တော့ဘူး။ အခုကတော့ သူတို့ကို ပစ်မှတ်ထားတယ်ဆိုပေမဲ့ တခြားလူတွေကိုလည်း ထိသွားတာပေါ့၊ စိတ်မကောင်းစရာပါ။ ကျွန်တော်တို့ ခရိုင်ကျေးရွာက AA လာမှ ပျက်တော့တာ”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကစ၍ ရခိုင်ပြည်နယ်တောင်ပိုင်းတွင် AA အကြမ်းဖက်အဖွဲ့အဓိက အခြေစိုက်သည့်နေရာများသို့ တပ်မတော်က နယ်မြေရှင်းလင်းရေး စတင်လုပ်ဆောင်နေကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။ သြဂုတ်လ ၃၁ ရက် ည ၇ နာရီခန့်အချိန်က ရခိုင်ပြည်နယ်တောင်ပိုင်းရှိ စီးပွားရေးအချက်အခြာအကျဆုံး တောင်ကုတ်မြို့နယ်အတွင်း AA အကြမ်းဖက် အဓိကအခြေစိုက်နေရာ ၄ ခု ခန့်ကို စတင်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာတွင် အဆိုပါ ခရိုင်ကျေးရွာလည်း ပါဝင်ခဲ့သည်။
ယင်းကျေးရွာမှာ သံတွဲ၊ တောင်ကုတ်မြို့များသို့ ရေလမ်းကဖြစ်စေ၊ ကုန်းလမ်းကဖြစ်စေ သွားလာရလွယ်ကူသော ကျေးရွာဖြစ်ကြောင်း၊ အဆိုပါအခြေအနေကို AA အကြမ်းဖက်က အခွင့်ကောင်းယူကာ ၎င်းတို့၏ စစ်ရေးအတွက် လိုအပ်သောလူအင်အား၊ လက်နက်အင်အားများကို သိုလှောင်ထိန်းသိမ်းအခြေချနေသော ကျေးရွာလည်းဖြစ်ကြောင်း၊ AA ၏ ဆေးကုသဌာနနှင့် စစ်စခန်းအဖြစ်အသုံးပြုနေသာ တောင်ကုတ်-သံတွဲကားလမ်းမပေါ်ရှိ သံတွဲမြို့ ပုရစ်၊ ရေကောက်ကျေးရွာတို့နှင့်လည်းအလှမ်းမဝေးသည့် ကျေးရွာဖြစ်ကြောင်း MT News ၏ စုံစမ်းမှုအရ သိရသည်။