၃.၁၂.၂၀၂၄
Translated by Htwe Ko Tu
ဖိလစ်ပိုင်နိုင်ငံ၏ အထူးသီးသန့်စီးပွားရေးဇုန် ရေပိုင်နက်အတွင်း ရုရှားနိုင်ငံမှ တိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စင်း ဝင်ရောက်လာမှုကြောင့် စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း ဖိလစ်ပိုင်အနေနှင့် ထိုကိစ္စကို နိုင်ငံအား ခြိမ်းခြောက်မှုတစ်ရပ်အနေဖြင့် မယူဆပါကြောင်း ဒီဇင်ဘာလ ၂ ရက်က ပြောကြားခဲ့ကြသည်။
အမျိုးသားလုံခြုံရေးကောင်စီ တွဲဘက်ညွှန်ကြားရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဂျိုနာသန် မာလာရာက ရုရှားရေငုပ်သင်္ဘောက ဖိလစ်ပိုင်နိုင်ငံ၏ အထူးသီးသန့်စီးပွားရေးဇုန်ရေပိုင်နက်အတွင်းမှ ရောက်ရှိဖြတ်သန်းသွားခြင်းဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ ရေပိုင်နက်အတွင်းသို့ ဝင်ရောက်မှု လုံးဝမရှိခဲ့ပါကြောင်း၊ ထို့ကြောင့် နည်းပညာအရ ၎င်းက လွတ်လပ်သော ပင်လယ်ရေကြောင်း သွားလာခွင့်အရသွားနေခြင်းဟုသာ ယူဆရမည်ဖြစ်ပါကြောင်းလည်း ဒီဇင်ဘာလ ၂ ရက်က ပြောခဲ့သည်။
ဖိလစ်ပိုင်အနေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရေကြောင်းဆိုင်ရာတင်းမာမှုများရှိနေချိန်တွင် မီဒီယာများက ဒီဇင်ဘာလ ၂ ရက်တွင် ရုရှားတိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စီး ဖြတ်သန်းသွားသည်ဟု အပေါ်ယံ ရေးခဲ့ကြသောသတင်းများကြောင့် ဖိလစ်ပိုင်ပြည်သူတို့မှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။
လုံခြုံရေးဆိုင်ရာ သတင်းအရင်းအမြစ်များအရလည်း ထိုသင်္ဘောအမည်က UFA ဖြစ်ကာ အလေးချိန် တန် ၄,၀၀၀ ရှိ ကီလို-II အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောဟုလည်းဆိုကြသည်။
သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကမူ အစောပိုင်းက ထိုဖြစ်ရပ်က ဖိလစ်ပိုင် အနောက်ပင်လယ်ရေပြင် (သို့မဟုတ်) အထူးသီးသန့်စီးပွားရေးဇုန်အတွင်း ကျူးကျော်ဝင်ရောက်မှု ဖြစ်ပြီး အလွန်စိုးရိမ်မိကြောင်း မီဒီယာများကို ပြောခဲ့သေးသည်။
ဗိုလ်ချုပ်ကြီး ဂျိုနာသန် မာလာရာကလည်း သမ္မတပြောသကဲ့သို့ စိုးရိမ်ပူပန်မှုများဖြစ်မိ၍ ရုရှားရေငုပ်သင်္ဘောထံ ထိုနေရာက ဖိလစ်ပိုင်နိုင်ငံ၏ အထူးသီးသန့်စီးပွားရေးဇုန်ရေပိုင်နက်အတွင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ မည်သည့်အတွက် ရောက်ရှိနေရပါသနည်းဆိုသည်ကို ရေဒီယိုဖြင့် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
Ref. SCMP