၃. ၁၂. ၂၀၂၄
Written by Nyein Kyaw
ကုန်ကြမ်းလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံပိုင်နှင့် ပုဂ္ဂလိက သစ်တောစိုက်ချင်းများ တည်ထောင်စိုက်ပျိုးထားသဖြင့် သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ ဈေးကွက်အသစ်များရှာဖွေ၍ ယခုထက် ဝင်ငွေတိုးတက်ရရှိအောင် ကြိုးပမ်းဆောင် ရွက်ရန်လိုအပ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယမန်နေ့က ပြုလုပ်သည့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်များ ဖြည့်ဆင်းပေးရန် နိုင်ငံပိုင်နှင့် ပုဂ္ဂလိက သစ်တောစိုက် ခင်းများ တည်ထောင်စိုက်ပျိုးလျက်ရှိကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်သစ်များရှာဖွေခြင်း၊ ဒေသတွင်းနိုင်ငံများ၏ ပြည်ပတင်ပို့/တင်သွင်းမှု အခြေအနေများကို လေ့လာပြီး ကြိုးစားဆောင် ရွက်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သစ်အခြေခံပုဂ္ဂလိက ကဏ္ဍ၏ ပြည်ပဝင်ငွေမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄ သန်းကျော်ရရှိခဲ့ပြီး ယခုထက်ပို၍ရရှိအောင် လုပ်ငန်းရှင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဌာနပိုင်းကလည်း လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ပါက အလုပ်အကိုင်အခွင့်အရေးများ ပိုမိုရရှိစေမေည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက် အကူပြုစေမည်ဖြစ်သည့်အတွက် သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်း စပ်၍ ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။