၃.၁၂.၂၀၂၄
Written by Hey Mar
လမ်းလျှောက်လာရင်း ပြုပြင်နေဆဲ ရေနုတ်မြောင်းထဲ ချော်လဲပြုတ်ကျပြီး အဘွားအိုတစ်ယောက် အသက်သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဒီဇင်ဘာ ၂ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်းထောင့်နဲ့ ဧရာဝဏ်လမ်းထောင့်က လမ်းဘေးမြောင်းထဲကို ပြုတ်ကျခဲ့တာဖြစ်ပြီး သေဆုံးသူက အသက် ၇၄ နှစ်အရွယ် ဒေါ်တင်ရီလို့ သိရပါတယ်။
ရေနုတ်မြောင်းထဲမှာ ရေက ပေါင်လည်လောက်ရှိနေပြီး ပြုတ်ကျချိန် သတိလစ်ရာက ရေနစ်ကာ အသက်သေဆုံးတယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းက သက်ဆိုင်ရာ တာဝန် ရှိသူတွေက မှတ်ချက်ပြုကြောင်းကို MT News ကို ပြောပါတယ်။
အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သူ ပြုတ်ကျချိန် ဘယ်သူမှ မမြင်လိုက်ဖူးထင်ပါတယ်။ ဘယ်အချိန်က ပြုတ်ကျတယ်တော့ မသိဘူး။ ပြန်တွေ့တာ ည ၇ နာရီ ထိုးခါနီးနေပြီ။ သူ့အမေ ပြန်မလာလို့ သားလုပ်သူက လိုက်ရှာရင်း၊ သူလည်း အဲ့ဒီမြောင်းကြီးဘေး အမှတ်မထင် ထိုင်မိရာက တွေ့တာ။ သူ့စိတ်က အဲ့ဒီ မြောင်းကို ရောက်နေတာပေါ့။ အဲ့လိုသဘော ပြောပြတယ်။ ဒီဘက်မှာက မြောင်းတွေ ပြင်နေရင်လည်း ကာရံထားတာမျိုးမရှိဘူး။ ဒီအတိုင်း ဟောင်း လောင်းတွေ”လို့ MT News ကို ပြောပါတယ်။
ရေနစ်သေဆုံးသူအဘွား ဒေါ်တင်ရီရဲ့ ရုပ်အလောင်းကို စံပြဆေးရုံဆီ VIPAFS ကွန်ကယ် အကြင်နာကုသိုလ်ပြုဘဘကြီးအဖွဲ့က သွားရောက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။