◾ NUG ၏ PDF များနှင့် KNDO တို့က စစ်စည်းကမ်းမလိုက်နာဘဲ ပြည်သူများသွားလာနေချိန် ကံတလူတိုးဂိတ်ကို တိုက်ခိုက်ခဲ့မှုနဲ့ တောင်စွန်းတပ်စခန်းကို မီးစုန်းဖြူဗုံးဖြင့် တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများကိုပါ ကျူးလွန်ခဲ့ကြဟု Federal Wings က ဖော်ထုတ်
၃.၁၂. ၂၀၂၄
Written by Nay Moe
ပြည်သူလှူထားတဲ့ရန်ပုံငွေ ကိုယ်ကျိုးသုံးနေတဲ့ NUG ကို ထပ်မံထိုးနှက်ခံရမှုအဖြစ် Federal Wings ဒရုန်းတပ်ဖွဲ့ကလည်း ဒီနေ့မနက်မှာ NUG ရဲ့ ရန်ပုံငွေ မသမာမှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်တဲ့ ကျုးလွန်မှုတွေကြောင့် NUG ဆက်သွယ်ရေးဝန်ကြီးဌာန (MOCIT) နဲ့ ပူးပေါင်းစစ်ဆင်မှုရပ်ဆိုင်းတယ်လို့ ထုတ်ပြန်လာပါတယ်။
အခု ဒီဇင်ဘာလဆန်းကစပြီး Federal Wings က NUG ရဲ့ မသမာမှုတွေကို Fundraiser ဆီ ရှင်းပြတဲ့ အချက် ၁၅ ချက်ပါ ရှင်းလင်းချက် လူမှုကွန်ရက်မှာ ထွက်ပေါ်လာအပြီး ဒီနေ့ ဒီဇင်ဘာ ၃ ရက်မှာတော့ အခုနှစ် အောက်တိုဘာ ၆ရက်နေ့ကစတင်လို့ NUG နဲ့ ပူးတွဲလုပ်ဆောင်မှုကို နှစ်ဖက်သဘောတူရပ်ဆိုင်းလိုက်ပြီလို့ Federal Wings က ထုတ်ပြောလာတာပါ။
NUG ရဲ့ ရန်ပုံငွေအလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး “Fundraiser ညီအကိုမောင်နှမများထံသို့ Federal Wings ဒရုန်းတပ်ဖွဲ့မှ လေးစားစွာအသိပေးအကြောင်း ကြားခြင်း”ဆိုတဲ့ အချက်(၁၅)ချက်ပါ စာဟာ Fundraiser တွေကတစ်ဆင့် NUG ရဲ့ မသမာမှုလုပ်ရပ် လူသိအောင် ဖြန့်ဝေကြရာက Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
အဲ့ဒီ ၁၅ ချက်ထဲမှာ KNU လက်အောက်၊ လေးကေ့ကော်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၄ ရက်က စတင်တည်ထောင်ခဲ့တဲ့ Federal Wings နဲ့ NUG ရဲ့ MOCIT တို့ တရားဝင်ချိတ်ဆက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လဆန်းပိုင်းက စတင်ပြီး Federal Wings ရဲ့ ရန်ပုံငွေ ကိစ္စရပ်တွေ၊ ဘဏ်အကောင့်တွေ၊ ငွေစာရင်းတွေ၊ Fundraising Project ကိစ္စရပ်တွေ၊ ပစ္စည်းဝယ်ယူရေးနဲ့ Web Portal ပိုင်းဆိုင်ရာပါဝင်တဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စအဝဝကို အလုံးစုံစီမံဖို့ MOCIT က တာဝန်ယူပြီး ဒရုန်းထုတ်လုပ်တည်ဆောက်ရေး၊ နည်းပညာတိုးတက်ရေးနဲ့ ဖြန့်ချိရေးကိစ္စရပ်တွေ Federal Wings က တာဝန်ယူခဲ့တာပါ။ Federal Wings အနေနဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်အဝဝကို တရားဝင်မှုနဲ့ စည်းကမ်းစနစ် တိကျမှုရှိစေဖို့ ရည်ရွယ်ပြီး MOCIT ကို ယုံကြည်စွာအပ်နှံခဲ့ပေမဲ့ NUG ရဲ့ MOCIT ဟာ ရန်ပုံငွေကောက်ခံမှုစာရင်းကို သုံးလပဲ စာရင်းရှင်းနိုင်ပြီး ဒီနေ့အထိ မရှင်းနိုင်တော့သလို Fundraising Project တွေ လုပ်ဆောင်တာကိုလည်း ငွေကောက်ခံပေးရတဲ့ Fundraiser တွေသာမက Federal Wings ကိုတောင် အသိမပေးတော့တဲ့အဆင့်အထိ ဆိုးရွားလာခဲ့တာပါ။
ဒါ့အပြင် NUG ရဲ့ MOD (ကာကွယ်ရေးဝန်ကြီးဌာန) နဲ့ ပူးပေါင်းမယ့် 1801 (Federal Wings) တပ်ရင်းဖွဲ့စည်းရာမှာ တာဝန်ခံအရာရှိခန့်အပ်နိုင်ဖို့ စာရင်းပေးပို့မှုကိစ္စရပ်ကို MOCIT ကပဲ စီမံခဲ့ပြီး 1801 (Federal Wings) တပ်ရင်းအတွက် တပ်ရင်းမှူးဖြစ်လာခဲ့သူက Federal Wings ကလို အတွေ့အကြုံရှိသူ Senior ထဲက မဟုတ်ခဲ့တဲ့အပြင် ဒီ NUG တပ်ရင်းမှူးက Federal Wings ပိုင် Sniper Rifle နဲ့ Assault Rifle အမျိုးစုံ အလက် ၂ဝ ကျော်ကို စာရင်းတင်ပြနိုင်ခြင်းမရှိဘဲ အလွဲသုံးစားလုပ်တဲ့အပြင် ဒရုန်းအပ်နှံအပြီး (၁) နှစ်ခန့်ကြာချိန်အထိ စစ်ဆင်ရေး ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ တာဝန်လစ်ဟာမှုများ ဖြစ်ပေါ်ခဲ့လို့ ဒါကို အရေးယူဖြေရှင်းပေးဖို့ MOCIT ကို တောင်းဆိုပေမဲ့ အရေးယူမပေးလို့ MOD ကို တိုက်ရိုက်တိုင်ကြားခဲ့ရတယ် ပြောပါတယ်။
ဒီလို ရန်ပုံငွေကြေးဆိုင်ရာကိစ္စရပ်တွေအပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းမြို့နယ်က ကံတလူတိုးဂိတ်ကို MOCIT ချိတ်ဆက်မှုနဲ့ Federal Wings က နည်းပညာနဲ့ လက်နက်ပစ္စည်း ပေးပို့ထားတဲ့ ဒရုန်းတပ်ဖွဲ့တစ်ခုက ပြည်သူလူထုလှုပ်ရှားသွားလာနေချိန် ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ စစ်စည်းကမ်းချိုးဖောက်မှုကို Federal Wings က အပြင်းအထန်ကန့်ကွက်ခဲ့ပေမဲ့ MOCIT က စစ်စည်းကမ်းမလိုက်နာတဲ့ NUG ဒရုန်းတပ်ကို သတိပေးဖို့တောင် ငြင်းဆန်ခဲ့တာက ပထမအကြိမ် သဘောထားကွဲလွဲမှုလို့ Federal Wings က ပြောပါတယ်။
ဒီလိုမျိုး MOCIT က NUG ဒရုန်းတပ်ရဲ့ အပြစ်မဲ့ပြည်သူလူထု ထိခိုက်စေနိုင်တဲ့ မလျော်ကန်သောဒရုန်းတိုက်ခိုက်မှုကို အလေးအနက်ထားကန့်ကွက်ခြင်းမရှိခဲ့ပေမဲ့လည်း ၂၀၂၄ ခုနှစ် ဧပြီလမှာ တပ်မဟာ (၆) နယ်မြေအတွင်းက တောင်စွန်းစစ်စခန်းကို KNDO (Federal Wings) ဒရုန်းတပ်ဖွဲ့က White Phosphorus (မီးစုန်းဖြူ) ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့မှုကို စစ်ရာဇဝတ်မှုတစ်ခုအဖြစ် ကန့်ကွက်ခဲ့ပြီး ဒီအချက်က ဒုတိယသဘောထားကွဲလွဲမှုလို့ ပြောပါတယ်။
ဒါ့အပြင် MOCIT ဟာ Federal Wings ရဲ့ အမာခံ Fundraiser တွေဖြစ်တဲ့ ပန်ဆယ်လို၊ WLMF နဲ့ Ride Behind Kalaw တို့ ပူးပေါင်းပြုလုပ်တဲ့ TheKey Project ကို ကျိုးကြောင်းဆီလျော်မှုကင်းမဲ့စွာ ကန့်ကွက်ခဲ့ပြီး ဒေါ်လာ ၂၁၅၀၀၀ ရခဲ့တဲ့ The Key Project က တတိယအကြိမ်သဘောထားကွဲလွဲမှုလို့ ပြောပါတယ်။
Federal ရဲ့ NUG ရဲ့ ရန်ပုံငွေအလွဲသုံးစားကိစ္စတွေနဲ့ စစ်စည်းကမ်းမလိုက်နာတာ၊ စစ်ရာဇဝတ်မှူကျူးလွန်တာ စတဲ့အချက် ၁၅ ချက်ပါဝင်တဲ့ ရှင်းလင်းချက်၊ NUG ရဲ့ MOCIT နဲ့ Federal Wings တို့ ပူးပေါင်း စစ်ဆင်ရေးရပ်ဆိုင်းမှုတွေကို NUG ဘက်က တရားဝင်ဖြေရှင်းလာတာတော့ မရှိသေးသလို ဒီကျူးလွန်မှုအားလုံးအတွက် တာဝန်ရှိတဲ့ NUG ရဲ့ MOCIT ဝန်ကြီးဦးထင်လင်းအောင်က Federal Wings ရဲ့ ထုတ်ပြန်စာပျံ့နှံ့နေတဲ့ ဒီဇင်ဘာ ၁ ရက်မှာ “ဒီရက်ပိုင်း လူထုအထင်မှားစရာတွေ တင်နေဖြန့်နေကြတာတွေ တွေ့ရတော့ ငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်းသွားရင် ဆွမ်းစားကျောင်းသွားတဲ့လမ်းမှာ ဆရာတော်ကြီးတွေရဲ့ စာပိုဒ်တိုလေးတွေထဲက တွေ့နေကြ စာပိုဒ်လေးတခုကိုပြန်ရွတ်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်ပြန် အားပေးမိတယ်။ အချိန်တန်ရင် အဖြေပေါ်မှာပါ”လို့ ရေးသားခဲ့ပေမဲ့ တရားဝင်မဖြေရှင်းဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။