◾ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာမြို့ရှိ အိန္ဒိယ မဟာမင်းကြီးရုံး၌ လုံခြုံရေးအစောင့်အရှောက် တင်းကျပ်
၃.၁၂.၂၀၂၄
Translated by Htwe Ko Tu
အိန္ဒိယနိုင်ငံ၊ ထရိုင်ပူရပြည်နယ်၊ အဂါတာလာမြို့ရှိ ဘင်္ဂလားဒေ့ရှ် လက်ထောက် မဟာမင်းကြီးရုံးတွင် ဟိန္ဒူအုပ်စုတစ်ခုမှ ဆန္ဒပြသမားများက လုံခြုံရေးအတားအဆီးများကို ချိုးဖောက်ဝင်ရောက်ကာ အကြမ်းဖက်ဖျက်ဆီးမှုများ ဒီဇင်ဘာလ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
လက်ထောက် မဟာမင်းကြီးရုံးအနီးတွင် ရဲတပ်ဖွဲ့နှင့် ထရိုင်ပူရပြည်နယ် ရိုင်ဖယ်တပ်ရင်းတို့ပါရှိသော်လည်း ဆန္ဒပြသမားများက ဘင်္ဂလားဒေ့ရှ်အလံကိုဖယ်ရှားကာ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခဲ့ကြကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
သတင်းများအရ ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယအစိုးရအား ထိုအကြမ်းဖက်မှုအတွက် အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။ ဆန္ဒပြမှုကို လက်ယာစွန်း ဟိန္ဒူအဖွဲ့တစ်ဖွဲ့ဖြစ်သော Hindu Sangharsh Samity က အဂါတာလာမြို့ရှိ ဘင်္ဂလားဒေ့ရှ်လက်ထောက် မဟာမင်းကြီးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြခြင်းဟု သိရပြီး ၎င်းတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူနည်းစုများအား ဖိနှိပ်မှု၊ ဘာသာရေးညှင်းပန်းနှိပ်စက်မှုများရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသော ဟိန္ဒူဘုန်းကြီး Chinmoy Das ကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြလူအုပ်က ဘင်္ဂလားဒေ့ရှ်လက်ထောက်မဟာမင်းကြီးရုံး၏ အဝင်ဝကိုဖြတ်၍ ဝင်ရောက်လာကြခြင်းဖြစ်သည်။ သို့သော် ရုံးထဲတွင် သံတမန်တစ်ဦးတစ်ယောက်မျှ မရှိတော့ကြောင်း သိရသည်။ အစောပိုင်းကလည်း ဟိန္ဒူဆုတောင်းသူများက VIP လမ်းရှိ ဂန္ဒီရုပ်တုအနီး စုဝေးကြကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဝင်တို့အား နှိပ်စက်ညှင်းပန်းမှုများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့သေးသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဂါတာလာမြို့ရှိ ဘင်္ဂလားဒေ့ရှ် လက်ထောက် မဟာမင်းကြီးရုံးကို အကြမ်းဖက်ဆန္ဒပြမှုများအား ရှုတ်ချကြောင်းနှင့် ထိုဖြစ်ရပ်အတွက် အထူးစိတ်မကောင်းဖြစ်ရပါကြောင်း ကြေညာချက်ထုတ်ခဲ့သည်။
တစ်ပြိုင်တည်းတွင် ခြိမ်းခြောက်တိုက်ခိုက်မှုတစ်စုံတစ်ရာမရှိသေးသော်လည်း ဒက်ကာမြို့ရှိ အိန္ဒိယ မဟာမင်းကြီးရုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးအစောင့်များ တင်းကျပ်ထားခဲ့ကြောင်း သိရသည်။
Ref- Times of India, Dhaka Tribune