၃. ၁၂. ၂၀၂၄
Written by Nyein Kyaw
နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအစ၌ပင် ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ကြောင်း ဒီဇင်ဘာလ ၂ ရက်(ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဒီဇင်ဘာလ ၂ ရက်တွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းလုပ်ငန်းရှင်များအတွက် FX Market Online Trading Platform မှတစ်ဆင့် ဒေါ်လာ ၃၈ သန်း၊ ထိုင်းဘတ် ၁၀၇ ဒသမ ၄၆၆ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၄၈၇ သန်း ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလအစ တစ်ရက်တည်းတွင် သွင်းကုန်လုပ်ငန်းရှင်များ အဓိကလိုအပ်သော နိုင်ငံခြားငွေကြေးသုံးခုဖြစ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကို တစ်ပြိုင်တည်း ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားခဲ့သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးခဲ့ပြီးဖြစ်သည်။
ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော်လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၅၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၂၉ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၄ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။