၃.၁၂. ၂၀၂၄
Written by Nay Moe
CDM လုပ်၊ တပ်ပြေးမှုတွေအပြင် PDF တွေရဲ့ နွေဦးတော်လှန်ရေးမှာပါဝင်တာကြောင့် သေဒဏ်ကျခံခဲ့ရတဲ့အကျဥ်းသားတစ်ဦးဟာ ကျောက်ကပ်၊ အဆုတ်ရေဝိုင်းရောဂါတွေနဲ့ အင်းစိန်ထောင်မှာ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က သိရပါတယ်။
အသက် ၃၄ နှစ်အရွယ် CDM၊ တပ်ပြေး ပြည့်စုံဦးဟာ ကျောက်ကပ်ရောဂါဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲမှာ သေဆုံးခဲ့တာပါ။ သူက ၂၀၂၁ မတ်လမှာ CDM လုပ်ပြီး PDF တွေနဲ့ တက်ကြွာစွာ ပူးပေါင်းခဲ့တာပါ။
အဲဒီနောက် PDF တွေနဲ့အတူ ဖောက်ခွဲ၊ ထောက်ပို့စတဲ့လုပ်ငန်းတွေ အခြား အဖျက်အမှောင့်လုပ်ငန်းတွေ တက်ကြွစွာ ဆောင်ရွက်နေချိန် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၇ ရက်မှာ ဖမ်းဆီးခံရပြီး သန်လျင်ရေတပ်က တပ်ပြေးပုဒ်မ၊တပ်မတော်အက်ဥပဒေပုဒ်မ ၃၇၊ တပ်မတော်အက်ဥပဒေပုဒ်မ ၃၂၊ အခြားပုဒ်မတွေနဲ့ အမှုဖွင့်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့မှာ သေဒဏ်အမိန့်ချခံရပြီး အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တာပါ။
အင်းစိန်ထောင် ရောက်ရှိလာအပြီးမှာ ကျောက်ကပ်ရောဂါနဲ့ အဆုတ်ရေဝိုင်းရောဂါတွေ ခံစားခဲ့ရပြီး ခြောက်လအကြာ ရောဂါပြင်းထန်လာလို့ အခုလို သေဆုံးသွားသလို ဒီဇင်ဘာ ၂ ရက်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။