၃.၁၂.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်ရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာဇနီး မောင်နှံ လူငယ်နှစ်ဦးသည် နိုဝင်ဘာ ၂၈ ရက် နံနက် ၇ နာရီ မိနစ် ၄၀ အချိန်ခန့်က စက်ဘီးဖြင့် အလုပ်သို့ သွားရောက်စဉ် ယာဉ်တိုက်ခံရကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား အသက် ၂၃ နှစ်အရွယ် ကိုဆန်းမျိုးအောင်နှင့် အသက် ၁၉ နှစ်အရွယ် မခိုင်သဇင်တို့ ဇနီးမောင်နှံနှစ်ဦးက ထိုင်းနိုင်ငံသားတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် ထာ့ဆောင်ဘုန်းကြီး ကျောင်းအနီးတွင် တိုက်မိခဲ့ခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါသေဆုံးသူဇနီးမောင်နှံနှစ်ဦးရုပ်အလောင်းများကို ဒီဇင်ဘာ ၁ ရက်က စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်ရှိ ထာ့ဆောင်ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းနှင့်အညီ သရဏဂုံတင် အမျှဝေ၍ မီးသင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ရွာနဲ့နီးနီးလေးပါ။ သူတို့ခမျာ မင်္ဂလာပြန်လာဆောင်ကြမလို့ မိဘတွေစီစဉ်တုန်းပဲရှိသေး။ ခုလိုစိတ်မကောင်းစရာ ဖြစ်သွားရတယ်။ မိသားစုတွေနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်”ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ရေးသားထားသည်။
ကျန်ရစ်သူမိသားဝင်များ ထိုက်သင့်သောနစ်နာကြေးငွေများ ရရှိရန်အတွက် ထိုင်းရောက်မြန်မာလုပ်သားများ အရေးကူညီစောင့်ရှောက်ပေးနေသည့် M.H.A.C မဟာအဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခံသည့်အတွက် ရုံးအဖွဲ့က အမှုကိစ္စကို လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင် အေအေစီ ကိုရဲမင်းထံမှ သိရသည်။