၂.၁၂. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှာ စတင်တာဝန်ယူမယ့် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်က အဖွဲ့ဝင်ကိုးနိုင်ငံပါဝင်တဲ့ BRICS အုပ်စုအနေနဲ့ အမေရိကန် ဒေါ်လာနဲ့ပြိုင်၍ ငွေကြေးတစ်ခုကို ဖန်တီးလာခဲ့မယ်ဆိုရင် ထိုနိုင်ငံတွေကို ကုန်သွယ်ရေးစည်းကြပ်ခွန်တွေ ရာနှုန်းပြည့် ပြုလုပ်မယ်လို့ နိုဝင်ဘာလ ၃၀ ရက်ကခြိမ်းခြောက်ပြောကြားခဲ့ပါတယ်။
ထရန့်က လူမှုကွန်ရက်မှာ “BRICS နိုင်ငံတွေက ဒေါ်လာကိုစွန့်ခွာဖို့ ကြိုးစားလာကြမယ်ဆိုရင် ကျွန်တော်တို့က အရန်သင့် လက်ပိုက်ကြည့်နေရမယ့်အချိန်က ကုန်သွားပြီ”လို့ ဖော်ပြခဲ့ပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ ရုရှားတို့က BRICS အုပ်စုမှာ မဟာမိတ်နိုင်ငံတွေဖြစ်ပါတယ်။ ဒါ့ပြင် BRICS မှာ ဘရာဇီးလ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံတို့ ပါဝင်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုသမ္မတ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကတည်းက ထရန့်က ကျယ်ပြန့်တဲ့ ကုန်သွယ် စည်းကြပ်ခွန်တွေ ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်တွေအတွင်း သူက ကြီးမားတဲ့ စည်းကြပ်မှုတွေနဲ့ ခြိမ်းခြောက်ပြောကြားမှုတွေ မြှင့်တင်ပြုလုပ်လာပါတယ်။
ဇန်နဝါရီ ၂၀ ရက်ကျရင် သမ္မတတာဝန်ယူတော့မယ့် ဒေါ်နယ်ထရန့် ရဲ့ နောက်ဆုံးခြိမ်းခြောက်မှုကတော့ စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေ အများစု ပါဝင်ပြီး စုပေါင်းဖွဲ့စည်းထားတဲ့ BRICS အုပ်စုကို ပစ်မှတ်ထားလာခဲ့တာပါပဲ။
ဘရာဇီးလ်နဲ့ ရုရှားနိုင်ငံတို့က ထိပ်တန်းနိုင်ငံရေးသမားတွေက ကမ္ဘာ့ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာကသာ လက်ဝါးကြီးအုပ်လွှမ်းမိုးနေတာကို လျှော့ချနိုင်ဖို့ BRICS အုပ်စုရဲ့ငွေကြေးတစ်ရပ်တီထွင် ဖန်တီးဖို့ အကြံပြုခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အုပ်စုတွင်း သဘောတူညီမှု အပြည့်အဝမရရှိသေးတော့ ဒီလိုဆောင်ရွက်ဖို့ တိုးတက်မှု နှေးကွေးနေရတယ် ဆိုရမှာပါ။
“ကျွန်တော်တို့က ဒီနိုင်ငံတွေကနေ သူတို့အနေနဲ့ BRICS ငွေကြေးအသစ်တစ်ခုဖန်တီးမှု ဒါမှမဟုတ် ဒေါ်လာကိုအစားထိုးဖို့ တခြားငွေကြေးတစ်ရပ်ရပ်ကို အသုံးပြုမှုမျိုး ဘယ်တော့မှမလုပ်ပါဘူးဆိုတဲ့ ကတိကဝတ် လိုအပ်တယ်။ ဒီကတိကို မစောင့်ထိန်းရင် သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ကုန်သွယ်စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းသတ်မှတ်တာကို ခံကြရမှာဖြစ်ပြီး အမေရိကန်နိုင်ငံဈေးကွက်ကို ပို့ကုန်တွေရောင်းချဖို့ မဖြစ်နိုင်ဘူးဖြစ်သွားလိမ့်မယ်” လို့ ထရန့်က လူမှုကွန်ရက်မှာဆိုခဲ့ပါတယ်။
သွင်းကုန်စည်းကြပ်ခွန်ဆိုတာက အမေရိကန်နိုင်ငံဈေးကွက်သို့ တင်သွင်းမယ့်ပစ္စည်းတွေကို အမေရိကန်အစိုးရက အခွန်စည်းကြပ်မှုပြုလုပ်ခြင်းပါ။ ဥပမာ ဒေါ်လာ ၅၀,၀၀၀ တန်ဖိုးရှိတဲ့ကားတစ်စီးကို အမေရိကန်သို့တင်သွင်း စဉ် ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်ခံခဲ့ရင် တင်သွင်းသူအနေနဲ့ ဒေါ်လာ ၁၂,၅၀၀ ပေးဆောင်ရမှာပါ။
ဒီကုန်သွယ်စည်းကြပ်ခွန်ချမှတ်ခြင်းက ထရန့် အနေနဲ့ အမေရိကန်နိုင်ငံစီးပွားရေးအသာစီးရဖို့ ဆောင်ရွက်ရန်အဓိက မျှော်မှန်းချက်ပါပဲ။ ဒါပေမယ့် ကမ္ဘာ့စီးပွားရေးပညာရှင်အများစုကတော့ ဒါကို ကုန်သွယ် ရေးမှာ အထင်အမြင်လွဲစေမှုအဖြစ် မှတ်ယူကြပါတယ်။
ဒီစည်းကြပ်ခွန်ကို ပစ္စည်းတင်သွင်းတဲ့ အမေရိကန် ကုမ္ပဏီက ပေးဆောင်ရတာဖြစ်ပြီး ပစ္စည်းတင်ပို့တဲ့ နိုင်ငံခြားကုမ္ပဏီက ပေးဆောင်ရခြင်းမဟုတ်ပါဘူး။ ဒါကြောင့် ကုန်သွယ်စည်းကြပ်ခွန်အတွက် အမေရိကန်ကုမ္ပဏီတွေက အစိုးရကိုပေးဆောင်ရမှာပါ။ ဒါက ကုန်သွယ်မှုကို အတားအဆီးဖြစ်စေပြီး နောက်ဆုံးတော့ အမေရိကန်နိုင်ငံမှ စားသုံးသူတွေကိုသာ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ဝေဖန်မှုတွေလည်းရှိပါ တယ်။
Ref- BBC