◾️ ဖမ်းဆီးမှုအား ထိုင်းနိုင်ငံသို့ တရားဝင်အကြောင်း ကြားထားပြီး အစိုးရချင်း၊ တပ်မတော်ချင်းပါ ကောင်းမွန်သည့် အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်မှုများရှိဟုပါ ပြော
၂. ၁၂. ၂၀၂၄
Written by Nyein Kyaw
ထိုင်းငါးဖမ်းလှေအား မြန်မာ့ရေပိုင်နက်အတွင်း ကျူးကျော်ကာ ငါးခိုးဖမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်နေသည့်ပစ္စည်းများပါ တွေ့ရှိထားသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ဖမ်းမိသူ ၃၁ ဦးလုံး ကောင်းမွန်စွာရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“ဒီဖြစ်စဉ်မှာ ပထမဆုံး ပြောကြားချင်တာကတော့ ပြည်ဖျက်မီဒီယာများ ရေးသားနေသလို နံပါတ် (၁) မြန်မာ့တပ်မတော်(ရေ)က ထိုင်းနိုင်ငံရေပြင်ထဲဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံရေပိုင်နက်အတွင်းမှာ ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ပြောချင်ပါတယ်။ နံပါတ် (၂) ကတော့ ထိခိုက်သေဆုံးမှုများ မရှိခဲ့ပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထိုဖြစ်စဉ်မှာ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့နယ်၊ မြန်မာ့ရေပိုင်နက်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာ့စစ်ရေယာဉ်တစ်စီးသည် နိုဝင်ဘာလ ၃၀ ရက် နံနက် ၂ နာရီ မိနစ် ၄၀ ခန့်တွင် မြန်မာ့ရေပိုင်နက်အတွင်း လှုပ်ရှားနေသော မသင်္ကာဖွယ်လှုပ်ရှားမှု (၅) ခုကို ရေဒါမှဖမ်းမိခဲ့ခြင်းဖြစ်သည်။ စစ်ဆေးခဲ့မှုများအရ ငါးဖမ်းစက်လှေများဖြစ်နေသည်ကို တွေ့ရှိရသဖြင့် မီးအချက်ပြကာ ခေါ်ယူခြင်းဆောင်ရွက်ခဲ့သော်လည်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
“စစ်ဆေးတဲ့အခါမှာ ငါးဖမ်းစက်လှေများ ဖြစ်ကြောင်း တွေ့ရပါတယ်။ စစ်ဆေးဖို့အတွက် မီးအချက်ပြခေါ်ယူခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ထွက်ပြေးခဲ့ပါတယ်။ နောက်ကနေ လိုက်လံဖမ်းဆီးခဲ့ပါတယ်။ မနက် ၃ နာရီ မိနစ် ၂၀ အတွင်းမှာ ထိုင်းငါးဖမ်း စက်လှေတစ်စင်းကို ကော့သောင်းမြို့နယ်၊ ကြက်မောက်ကျွန်း မြောက်ဘက်ထိပ် အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ ကျွန်တော်တို့မြန်မာရေပိုင်နက်အတွင်း ငါးမိုင်ခန့်အကွာမှာ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ငါးဖမ်းစက်လှေနှင့်အတူ မြန်မာနိုင်ငံသား ကျား ၂၇ ဦးနှင့် ထိုင်းနိုင်ငံသား ကျား ၄ ဦး ဖမ်းဆီးမိခဲ့ပြီးနောက် ဖမ်းမိငါးဖမ်းလှေနှင့်အတူ ရေတပ်စခန်းသို့ နံနက် ၄ နာရီတွင် ပြန်လည်ထွက်ခွာလာခဲ့ပြီး နံနက် ၅ နာရီတွင် ထိုင်းနိုင်ငံ၊ ရနောင်းမြိုနယ်ရှိ မြန်မာနယ်စပ်၊ ပင်လယ် ငါးဖမ်းလုပ်ငန်းမှ တာဝန်ရှိသူများထံ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ကာ ငါးခိုးဖမ်းခဲ့သည့် မြန်မာနိုင်ငံသားနှင့် ထိုင်းနိုင်ငံသား ၃၁ ဦး ဖမ်းဆီးရမိထားကြောင်း တရားဝင်ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာ့တပ်မတော်(ရေ)မှ ဖမ်းမိထားသည့် ထိုင်းငါးဖမ်းလှေတွင် ပါရှိသူများအား ကနဦးစစ်ဆေးချက်အရ အဆိုပါ ငါးဖမ်းလှေသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့နယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦး ပိုင်ဆိုင်ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက် ညနေ ၃ နာရီတွင် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ကာ မြန်မာ့ရေပိုင်နက်အတွင်းသို့ ည ၉ နာရီတွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား တစ်ဦးအတွက် လုပ်ခ ဘတ် ၁၂,၀၀၀ နှင့် ထိုင်းနိုင်ငံသား တစ်ဦးအတွက် လုပ်ခ ဘတ် ၁၅,၀၀၀ ပေးကာ ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံဘက်ကို တရားဝင် အကြောင်းကြားထားပြီးဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ ပစ္စည်းများတွေ့ရှိရတဲ့အတွက် စစ်ဆေးလျက်ရှိပါတယ်။ ဖမ်းဆီးရမိတဲ့ မြန်မာအမျိုးသား ၂၇ ဦး၊ ထိုင်း အမျိုးသား ၄ ဦးတို့သည်လည်း ကောင်းမွန်စွာ ရှိနေကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့တွင် ပြည်ပရောက် Exile မီဒီယာများတွင် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ငါးဖမ်းလှေတစ်စင်းကို မြန်မာ့တပ်မတော်(ရေ) က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး သေဆုံးမှုများလည်းရှိကြောင်း မဟုတ်မမှန် ရေးသားဖော်ပြခဲ့ပြင် ထိုင်းငါးဖမ်းလှေများကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် Paetongtarn Shinawatra က မြန်မာ့တပ်မတော်ကို ကန့်ကွက်ခဲ့ပြီး ယနေ့တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အား ဆင့်ခေါ်၍ ရှင်းလင်းချက်ပေးရန်နှင့် ထိုင်းနိုင်ငံသားများ ပြန်လွှတ်ပေးခိုင်းခဲ့ကြောင်း ရေးသားဖော်ပြခဲ့ကြသည်။
အဆိုပါ ရေးသားဖော်ပြမှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ”ကျွန်တော်အနေနဲ့ ဒီနေရာမှာ ပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာများ တချို့ အွန်လိုင်းကနေ လှုံ့ဆော်နေတဲ့သူများအနေနဲ့ ဒါ ထိုင်း-မြန်မာနှစ်နိုင်ငံ အထင်အမြင်လွဲစေရေး ဦးတည်ဆောင်ရွက်နေတာတွေ တွေ့ရကြောင်း ပြောလိုပါတယ်။ ထိုင်းနဲ့မြန်မာတို့က အိမ်နီးနားချင်းနိုင်ငံများဖြစ်ပါတယ်။ အစိုးရချင်းရော၊ တပ်မတော်ချင်းရော ကောင်းမွန်တဲ့ အဆက်မပြတ်တဲ့ ဆက်သွယ်ဆောင်ရွက်မှုများရှိကြောင်း ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။