၂.၁၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၃)ရပ်ကွက်၊ အောက်ပုစွန်တောင်လမ်း၊ သီတာဆိပ်ကမ်း၊ ပုစွန်တောင်ချောင်းပေါ်တွင် ဒီဇင်ဘာလ ၂ ရက် နံနက် ၈ နာရီ ၅၃ မိနစ်ခန့်က ထူးပွားအောင်(၉) ငါးဖမ်းရေယာဥ် ကုန်းပတ်ပေါ်ရှိ လှိုင်းကာသံပြားကို ပရိုပိန်းဓာတ်ငွေ့အိုးနှင့်လေအိုးကို ရော၍ မီးကိုအသုံးပြုပြီး ဖြတ်တောက်ရာမှ ဝမ်းဗိုက်အတွင်းရှိ ဖော့များပေါ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားသော ရေယာဥ်မှာ အလျား ၁၁၅ ပေ ၊ အနံ ၂၅ ပေ၊ ရေစူး ၁၂ပေ ရှိသော သံကိုယ်ထည်သင်္ဘောဖြစ်ပြီး မီးလောင်မှုကြောင့် ဖော့ပြားများနှင့်သစ်သားအနည်းငယ် မီးလောင်ခဲ့ကြောင်း သိရသည်။ ၁၄ မိနစ်ခန့် လောင်ကျွမ်းခဲ့သော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
“မီးကတော့ သိပ်မများဘူး။ လူထိခိုက်သေဆုံးမှုလည်းမရှိဘူး “ဟု မီးငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ငါးဖမ်းရေယာဥ် မီးလောင်မှုနှင့် ပတ်သက်၍ ဝရိန်အလုပ်သမား အသက်၂၉ နှစ်အရွယ် ဦးဉာဏ်ဦးကို ဗိုလ်တထောင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။