၂.၁၂.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံမှ တင်သွင်းသည့် စားသုံးဆီများသယ်လာသော ကုန်ကားတစ်စီး မြဝတီ-ကော့ကရိတ်သွား ဒေါန တောင်လမ်းပိုင်းတွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီအချိန်ခန့်က စားသုံးဆီများသယ်လာသည့် ယင်း ၁၂ ဘီးတွဲကားမှာ ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား ဒေါန တောင်လမ်းပိုင်း အောက်ဗိုလ်တဲအနီးရောက်ရှိစဉ် လမ်းချော်၍ ပြုတ်ကျ တိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“ကံကောင်းတယ်ပဲ ပြောရမှာ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ပွန်းပဲ့လောက်ပဲ။ ဘာမှ မဖြစ်သွားဘူး၊ အဲဒီ ဆီက မြဝတီကနေ သယ်လာတာ။ ထိုင်းဘက်က ဝင်တာပေါ့။ သူတို့ က တခြားမြို့တွေကို သယ်တာ။ မြဝတီ ကနေ ဆင်းအလာမှာ ဖြစ်တာ”ဟု အလင်းသစ်လူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူက MT News ကို ဒီဇင်ဘာလ ၂ ရက် ညနေ ၅ နာရီခန့်က ပြောသည်။
အဆိုပါ အခင်းဖြစ်ရာနေရာသို့ အလင်းသစ်လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက်၍ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရသော ယာဉ်မောင်းအား မြေပြင် ကုသမှုပြုလုပ်ပေးခဲ့ကြောင်း၊ ယင်းအပြင် လမ်းအောက်ဘက်ကို ပြုတ်ကျ တိမ်းမှောက်သွားသည့် ယာဉ်ကိုလည်း ယနေ့ ဒီဇင်ဘာလ ၂ ရက်တွင် ကုန်းပေါ်သို့ ပြန်လည် ဆွဲတင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အလင်းသစ် လူမှုကူညီရေးအဖွဲ့(မြဝတီ)