နေမိုး
၂. ၁၂. ၂၀၂၄
NUG ဩဇာအောက် ခေါင်းငုံ့မဝင်တဲ့ ဒေသန္တရလက်နက်ကိုင်တပ် (LDF) တွေကို အမြစ်ဖြုတ်ဖို့လုပ်ဆောင်နေတဲ့ NUG ဟာ BNRA ဆိုပြီး ဗမာအမျိုးသား တော်လှန်ရေးတပ်မတော်ထူထောင်သူ ဗိုလ်နဂါးကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဥ်ထားတယ်လို့ ဗိုလ်နဂါးက လူသိရှင်ကြား ဖွင့်ချလာပါတယ်။
ဗိုလ်နဂါးကို NUG က သတ်ဖြတ်ဖို့ စီစဥ်တာနဲ့ ပတ်သက်ပြီး NUG မှာ တာဝန်ထမ်းဆောင်သူတစ်ဦးနဲ့ NUG ကို ဝန်းရံထောက်ခံသူတစ်ဦးက NUG ဟာ ဗိုလ်နဂါးကို ဖမ်းဝရမ်းထုတ်ထားကြောင်း၊ ဗိုလ်နဂါးရဲ့ တော်လှန်ရေးထိခိုက်အောင် နည်းပညာမျိုးစုံနဲ့ သိက္ခာချဖို့ လုပ်ဆောင်ထားကြောင်း၊ ငွေကုန်ကြေးကျခံပြီး လုပ်ကြံသတ်ဖြတ်ဖို့အထိပါ ပြင်ဆင်ထားကြောင်း သတိပေးမှုကို ဗိုလ်နဂါးက လူမှုကွန်ရက်မှာ ဖွင့်ဟလာတာပါ။
“သတိပေးတဲ့သူက NUG ထဲမှာ တာဝန်ထမ်းဆောင်နေသူနဲ့ NUG ကို အလုပ်ကူပေးနေသူနှစ်ဦး။ မရှေးမ နှောင်းမှာ စာပို့သတိပေးလာကြတာ။ သူတို့ချင်းတော့မသိကြပါဘူး။ အကိုတစ်ဦးက ၂၀၂၃ မှာ MOD က ထုတ်လိုက်တဲ့ လေးရင်းဟာ ကျွန်တော့်ဆီက သေနတ်တွေယူထုတ်ပြီး သူတို့ဆီ ပြန်ထွက်လာဖို့ စီစဥ်တဲ့အကြောင်းနဲ့ ဒီမှာအောင်ပွဲခံနေကြပြီ NUG ထဲက တချို့ ဒါကိုလက်မခံလို့ အငြင်းအခုန်ဖြစ်နေတယ် ကိုနဂါး အမြန်စိစစ်ပါလို့ သတိလှမ်းပေးချိန် အံ့သြတကြီးနဲ့ အမြန်စစ်တော့ လမ်းခရီးတစ်ဝက်မှာ ဝိုင်းပတ်ပိတ်ဆို့ပြီး သေနတ်တွေ ပြန်သိမ်းယူနိုင်ခဲ့ဖူးတယ်။ သူ့ကျေးဇူးက BNRA ပေါ်အများကြီးပါ။ ခုလည်း သူလှမ်းပြီးသတိပေးတယ်။ တစ်ဦးကတော့ မရင်းနှီးလှပါ။ NUG ကိုဝန်းရံနေသူ အမျိုးသမီးကြီးတစ်ဦးပါ။ အရာတော့ ရောက်သူပါပဲ။ အဓိက ကိုယ့်ကိုဖိအားပေးတွန်းတိုက်နေတာ ဘယ်ဌာနနဲ့ ဘယ်ပုဂ္ဂိုလ်တွေဆိုတာသိပေမယ့် သတိပေးလာတဲ့ထဲမှာ NUG လို့ ခြုံပြီးပါလာသလိုဖြစ်လို့ လူထုကို အသိပေးသင့် မပေးသင့် စဥ်းစားနေရင်း မနေ့က ပြန်ဖြုတ်ချပြစ်ခဲ့ပေမယ့် ဒါဟာ လူထုကို အသိပေးထားသင့်ကြောင်း တိုက်တွန်းလာကြလို့ ဒီနေ့ပြန်တင်ဖြစ်တာပါ။ တကယ်တော့ NUG ထဲမှာ ပုဂ္ဂိုလ်တချို့ BNRA နဲ့ ကျွန်တော့်အပေါ်အများကြီး ကောင်းကြပါတယ်။ စေတနာလည်းထားကြပါတယ်။ အဲဒီအတွက် NUG ဆိုတဲ့ စကားစုပါတဲ့ SS အတွက် အဲဒီပုဂ္ဂိုလ်တွေကို နားလည်ပေးဖို့တစ်ပါတည်း တောင်းပန်အပ်ပါတယ်။ အခြား အသုံးပြုလို့တော့အဆင်မပြေတဲ အသံဖိုင်နဲ့ စာတွေလည်း အများကြီးရှိနေပါသေးတယ်။ အွန်လိုင်းကအခြေမြစ်မရှိစကားပြောသူများရဲ့ ပေးသတင်းများမဟုတ်ဘဲ ဂုဏ်သရေရှိသူ၊ အဖွဲ့အစည်းနဲ့၊ လက်ရှိလည်းတာဝန်ထမ်းဆောင်နေသူတို့ရဲ့သတင်းများသာဖြစ်ပါတယ်။ အခြေအနေတချို့ကလည်းကိုယ်တိုင်လက်တွေ့ကြုံထားတာတွေရှိပါတယ်။ ပြည်သူတွေ အနာဂတ်လှဖို့ဆုတောင်းရင်းပါ”လို့ ဗိုလ်နဂါးက NUG သူ့ကို သတ်ဖို့ကြံစည်နေမှုအပေါ် ရင်ဖွင့်ပါတယ်။
ဗိုလ်နဂါးရဲ့ BNRA ကို NUG က သိက္ခာချ လုပ်ကြံဖို့ ကြိုးစားမှုကို အဓိကအကောင်အထည်ဖော်နေသူက ပုလဲပအဖအဖွဲ့ခေါင်းဆောင် ဇော်ထက်ဖြစ်ဖွယ်ရှိပြီး ပြီးခဲ့တဲ့ မေလ ၂၃ ရက်က ပုလဲပလဖ သတင်းပြန်ကြားရေးတာဝန်ခံ ပုလဲမောင်ဟာ ဇော်ထက်နေအိမ်မှာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရပြီး ဒီဖြစ်စဥ်ကို ဇော်ထက်က ဗိုလ်နဂါးအပေါ် လွှဲချဖမ်းဆီးဖို့ လုပ်ဆောင်ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် ဇော်ထက်အိမ်မှာ ပုလဲမောင် အသတ်ခံရတာကို ပုလဲမောင်မိသားစုက NUG တရားခံဖော်ထုတ်ပေးဖို့ တောင်းဆို တိုင်ကြား ဆန္ဒပြပေမဲ့ လူသတ်တရားခံလို့ ယူဆရတဲ့ ဇော်ထက်က အရေးယူခံရမှုမရှိပါဘူး။
ဒါကြောင့်မို့လို့လည်း ဗိုလ်နဂါးရဲ့ လူ ၂၀ ကျော်ကို NUG ဩဇာခံ ရွှေဘိုခရိုင် တပ်ရင်း (၃) PDF တွေက ဖမ်းဆီးချိန်မှာ ဗိုလ်နဂါးက ပုလဲအမတ်ဟောင်းလည်းဖြစ်တဲ့ ပုလဲပအဖခေါင်းဆောင် ဇော်ထက်ကို ရည်ညွှန်းပြီး “လူသတ်ပြီး အလောင်းကို မြေတိုက်ခန်းထဲဖွက်တဲ့အမတ် ပအဖတာဝန်ခံနဲ့ ကျဆုံးရဲဘော်တွေကို ဂုဏ်ပြု သေနတ် ဖောက်တဲ့ ရဲဘော် ဘယ်သူအပြစ်ပိုကြီးလဲ။ ဘယ်သူ့ကိုအရင်အရေးယူသင့်လဲ”လို့ NUG ကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၁ ရက်က လုပ်ဆောင်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ဗိုလ်နဂါးတို့ရဲ့ ပုလဲမြို့သိမ်းတိုက်ပွဲမှာလည်း ဝက်လက် PDF အဖွဲ့က သတ်ဖြတ်တိုက်ထုတ်လို့ AA ဩဇာခံဖြစ်သွားတဲ့ GZ Army နဲ့ အညာကို ခြေကုပ်ယူချင်တဲ့ မောင်ဆောင်းခရဲ့ BPLA၊ Southern YSO၊ ချင်းညီနောင်စစ်ဆင်ရေးတွေနဲ့ လုပ်ဆောင်ရာမှာ မူလကတည်းက NUG ၊ KIA ကြားမှာ ရခိုင် AA နဲ့ ဗမာအမည်ခံတပ်မတော်နှစ်ခုပါ နယ်မြေလုယက်ကြရင် ဇာတ်ပိုရှုပ်မှာစိုးရိမ်တဲ့အတွက် ဗိုလ်နဂါးတို့ BNRA တပ်ပေါင်းစုရဲ့ မြေပြင်ပစ်မှတ်တွေကို NUG နဲ့ PDF တွေက သတင်းပေးပို့တာကြောင့် နိုဝင်ဘာ ၁၄ ရက် တစ်ရက်တည်းနဲ့ ပုလဲမြို့သိမ်းတဲ့ PDF တွေ တိုက်ထုတ်ခံရပြီး အကျအဆုံးများခဲ့တဲ့ ဖြစ်စဥ်ကလည်း ဖြစ်ပွားခဲ့သေးတယ်လို့ နွေဦးတော်လှန်ရေးအသိုင်းအဝိုင်းမှာ သုံးသပ်မှုတွေ ရှိထားပါတယ်။