၂.၁၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ယနေ့(ဒီဇင်ဘာလ ၂ရက်)၊ နံနက်ပိုင်းက ကား၂ စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂ ရက် နံနက် ၁ နာရီမထိုးမီ မိနစ် ၃၀ အလိုက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၃၆) ရပ်ကွက်၊ ပင်လုံလမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် တိုယိုတာ ကိုရိုလာ ဖရီဒါအမျိုးအစား မော်တော်ယာဥ်နှင့် တိုယိုတာ ကိုရိုလာ အမျိုးအစား မော်တော်ယာဥ်တို့ တိုက်မိပြီး ဘတ္တရီဝါယာကြိုး ရှော့ခ်ဖြစ်ရာမှ အင်ဂျင်ခန်းမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုမှာ ၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တိုယိုတာ ကိုရိုလာ အမျိုးအစား ခဲရောင်မော်တော်ယာဥ်တွင် အရှေ့အနောက်လေကာမှန်နှင့် ဘေးဘယ်ညာလေကာမှန်ကွဲအက်ခြင်း၊ ကူရှင်များနှင့်အရှေ့ဘောနပ်အဖုံး၊ ဗန်ဘာတို့ ပျက်စီးခဲ့ပြီး တိုယိုတာ ကိုရိုလာ ဖရီဒါ အမျိုးအစား အငှားမော်တော်ယာဥ်တွင် အရှေ့လေကာမှန်၊ အရှေ့ဘောနပ်အဖုံး၊ ဗန်ဘာတို့ ပျက်စီးဆုံးရှုံးခဲ့သည်။
မော်တော်ယာဥ် မီးလောင်မှုကြောင့် တိုယိုတာ ကိုရိုလာ ယာဥ်မောင်း အသက် ၃၈ နှစ်အရွယ် အမျိုးသမီးကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းက ပုဒ်မ ၂၇၉ ၃၃၇ ၊ ၂၈၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ ရွှေပြည်သာမြို့နယ် အမှတ် (၁၃)ရပ်ကွက်၊ စစ်ကိုင်းလမ်းသွယ် (၁)တွင် ဒီဇင်ဘာလ ၂ရက် နံနက် ၅ နာရီ မိနစ် ၅၀ ခန့်က ဟွန်ဒါဖစ် အဖြူရောင်မော်တော်ယာဥ်တစ်စီး ဘတ္တရီခေါင်းချောင်၍ မီးပွားထွက်ရာမှ အနီးရှိ ဝါယာကြိုးများကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး ကားထိုင်ခုံများ၊ တာယာ ၄ လုံး၊ ဘတ္တရီနှင့် ကားခေါင်းခန်းရှိ ဝါယာကြိုးများ မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုနှင့် ပတ်သက်၍ ဟွန်ဒါဖစ်မော်တော်ယာဥ် ပိုင်ရှင် အသက် ၃၃ နှစ်အရွယ် အမျိုးသားကို ရွှေပြည်သာမြို့မရဲစခန်းက ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။