၂.၁၂.၂၀၂၄
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲကတစ်ဆင့် ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင် မင်းဘုန်းမြတ်ကတော့ ကိုယ်ပိုင်တေးသီချင်းတွေကို ကိုယ့်စိတ်ခံစားမှုအပေါ်မှာ မူတည်ပြီး မှတ်တိုင်တစ်ခုအနေနဲ့ ဖန်တီးဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့က ကိုယ့်ဆီရောက်လာတဲ့ ဇာတ်ပေါ်မှာ မူတည်ပြီးရိုက်ဖြစ်ပါတယ်။ အရမ်းရွေးချယ်ပိုင်ခွင့်တော့ သိပ်မရှိပါဘူး။ တချိုအပိုင်းလေးတွေ စိစစ်ရိုက်ဖြစ်တာပါ။ ကိုယ့်ဆီရောက်လာတဲ့ ဇာတ်ကို အကောင်းဆုံးတော့ ကြိုးစားလုပ်ဆောင်ဖြစ်ပါတယ်။ ကျွန်တော်က သရုပ်ဆောင်ချိန်မှာလည်း ကိုယ်မဟုတ်တဲ့ ကာရိုက်တာကို လုပ်ဆောင်ရတာမို့ သဘောကျတယ်။ Studio ထဲမှာ သီချင်းတွေ အသံသွင်းချိန်မှာလည်း စိတ်လက်ပေါ့ပါးတာမို့ သီချင်းလုပ်ရတာလည်း ပျော်ပါတယ်” လို သရုပ်ဆောင် မင်းဘုန်းမြတ်က ပြောပါတယ်။
သူဟာ သံသရာခရီးသွား တေးသီချင်းကိုလည်း ကိုယ်တိုင်ရေးသား သီဆိုခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ မင်းဘုန်းမြတ်ကတော့ မကြာခင်မှာလည်း သီချင်းသစ်တချို့ ထွက်ရှိလာဖို့ ရေးသားနေတယ်လို့လည်း သိရပါတယ်။
“ကိုယ်ပိုင်သံစဉ်သစ် သီချင်းတွေ လုပ်ရတာလည်း ကိုယ်တိုင်က ပျော်ပါတယ်။ ကိုယ်လုပ်ချင်တာ လုပ်ရလို့စိတ်လည်းပေါ့ပါးတယ်။ အဓိကတော့ ကိုယ်စဉ်းစားမိတဲ့ အကြောင်းအရာတွေကို သီချင်းတွေကို ရေးဖြစ်လာတာပါ။ ကိုယ့်ခံစားချက်တွေလည်း ပါသလို အငှားခံစားချက်တွေလည်း ပါပါတယ်။ သီချင်းတွေကို ဖုန်း Note ထဲမှာ သီချင်းတွေ ချရေးဖြစ်တယ်။ ဂစ်တာကိုင်ဖြစ်ချိန်မှာတော့ သီချင်းတွေ Melody သေချာဖန်တီးဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်က ပေါ်ပင်အနေနဲ့ သီချင်းလုပ်တာမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ရေးချင်တဲ့ အကြောင်းအရာလေးကို ဖန်တီးခွင့်ရလို့ သီချင်းတွေကို လုပ်ဖြစ်တာပါ။ မှတ်တိုင်တစ်ခုအနေနဲ့ လုပ်ဖြစ်တာပါ” လို့ သူက ဆက်ပြောပါတယ်။