၂.၁၂.၂၀၂၄
Written By Thandar
စာရေးဆရာမ ဒေါက်တာ ငွေတီဦးရဲ့ ကိုယ့်ဘဝဖြတ်သန်းမှုတွေကို အကောင်းဆုံးပုံဖော်ထားတဲ့ စတုတ္ထမြောက် “လုံခြုံရာ” စာအုပ်သစ်မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
“အမ လုံခြုံရာဆိုတဲ့ စတုတ္ထမြောက်စာအုပ်လေးထွက်ရှိတာပါ။ အမရဲ့ ပထမဦးဆုံး အတိတ်ရဲ့အလွန်ဆိုတဲ့ စာအုပ်လေးနဲ့ အမ စာပေလောကမှာ ခြေချတာပေါ့နော်။ အမုန်းနဲ့လမ်းခွဲခြင်း ဒီဇင်ဘာ ၁ ရက်နေ့မှာ ထွက်ဖြစ်သလို ဒီစာအုပ်လေးကလည်း Anniversary သဘောလေးနဲ့ ပြန်ထွက်ဖြစ်တာပါ။ ရေးသူဖတ်သူ တွေ့ဆုံခြင်း အခမ်းအနားလေးပါ။ အမလည်း ဒီစာအုပ်လေးက အရင်တုန်းက Biography ဆန်တဲ့စာအုပ်လေး ထုတ်ချင်တဲ့ ဆန္ဒရှိခဲ့တာပါ။ အခု အကောင်အထည်ဖော်ဖြစ်တာပေါ့။ ဒီစာအုပ်လေးက တခြားစာအုပ်နဲ့မတူဘဲ ကိုယ့်အကြောင်း ကိုယ့်ရေးလိုက်တဲ့ သဘောပါ။ စိတ်ကူးတွေ ကိုယ်တွေ့တဲ့ ဒဿနတွေ လုံးဝမပါဘဲ ကိုယ်ကြုံတွေ့ခဲ့ရတာကို ဘဝအချိုးအကွေ့အဖြစ်မှန်တွေကို ရေးထားတာပါ။ ဒီစာအုပ်လေးက အရင်စာအုပ်တွေနဲ့တော့ မတူတော့ဘူးပေါ့နော်”လို့ စာရေးဆရာမ ဒေါက်တာငွေတီဦးကပြောပါတယ်။
အဆိုပါအခမ်းအနားကို စာပေလောက ဦးဝင်းငြိမ်း၊ ဦးမြတ်ခိုင်၊ ဒါရိုက်တာ သရုပ်ဆောင် ဘုဏ်းသိုက်၊ သရုပ်ဆောင် အောင်ရေချမ်း၊ သရုပ်ဆောင် နက္ခတ်၊ သရုပ်ဆောင် နေဗလု၊ ဒါရိုက်တာ ဦးသိန်းဟန်(ဖီးနစ်)၊ စာပေလောကအပြင် အသိမိတ်ဆွေတွေနဲ့ဖိတ်ကြားထားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အကယ်ဒမီများရှင် မင်းသား ပြေတီဦးရဲ့ ညီမငယ် စာရေးဆရာမ ငွေတီဦးအနေနဲ့ အတိတ်ရဲ့အလွန်၊ အမုန်းနှင့်လမ်းခွဲခြင်း၊ အကြည်ဓာတ်ဖြင့်လှပခြင်း စာအုပ်တွေကို ထွက်ရှိထားသူလည်းဖြစ်ပါတယ်။
“လုံခြုံရာ” စာအုပ်ကိုတော့ မဟာစာပေတိုက်က ကျပ် ၇၀၀၀ နှုန်းနဲ့ တိုက်ရိုက်မှာယူနိုင်သလို City Mart နဲ့ တခြား စာပေတိုက်တွေကနေ ဖြန့်ချိထားတယ်လို့လည်း သိရပါတယ်။ အစ်ကိုဖြစ်သူ ပြေတီဦးကိုယ်တိုင်က ညီမဖြစ်သူ ရေးသားခဲ့တဲ့ “ဖိုးလမင်းရဲ့ ချစ်ခြင်းကဗျာ”၊ “တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ” ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
“ကိုယ်က ဒီစာအုပ်ကို အရဲစွန့်ပြီး ရေးသားခဲ့တာပါ။ ပထမတုန်းကလည်း ဒီလိုရေးချင်စိတ်နဲ့ တစ်ခါရေးတယ်။ အမှားပြတိုက်ထဲက အမှန်တရားရေးခဲ့ဖူးတယ်။ လူတွေမှာ အမှားတွေရော ကျူးလွန်ထားတယ်။ ဒီလိုချပြလိုက်တဲ့အမှန်ပေါ့။ မျက်နှာဖုံးမပါတဲ့ မျက်နှာအစစ်အမှန်ပေါ့။ ခုက ထပ်ပြီးအရဲစွန့်ပြီး ရေးဖြစ်ခဲ့တာပါ။ ကိုယ်ဘာတွေရေးမလဲဆိုချိန်မှာ ကိုယ့်မှာ အစ်ကိုတစ်ယောက်ရှိနေတာမို့လေ သေချာအမှားမပါအောင် လုပ်ခဲ့ရတာပါ။ ပရိသတ်အကြိုက်တွေ့မလားဆိုတာ ကြည့်ရမှာပါ။ ငွေတီဦးထုတ်လိုက်လို့ ဝယ်လိုက်ရတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ စာထဲကအနှစ်သာရကိုပဲ တကယ်ရစေချင်ခဲ့တာပါ။ အတိတ်ရဲ့အလွန်ကို မထင်မှတ်လောက်အောင် အားပေးကြတာမို့ ကြိုက်ကြတာမို့ ကိုယ်လေးစားသူဆီက Feedback ကောင်းတွေရလို့ အားတက်ခဲ့တာပါ။ နောက်ထပ်စာအုပ်တွေကို ထုတ်ဖြစ်လာတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်လေးတွေရအောင် အားပေးကြလို့ ကျေးဇူးတင်ပါတယ်”လို့ သူမကဆက်ပြောပါတယ်။
ဒီစာအုပ်က လူတိုင်းရဲ့ ဘဝဖြတ်သန်းမှုတွေမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ အတားအဆီးတွေရှိကြရာမှာ အဲ့ဒီလို ကိစ္စမျိုးတွေ ကြုံလာတဲ့အချိန်ကျရင် မိမိကိုယ်ကိုယ် အကောင်းဆုံး ဘယ်လို ပြန်လည်တည်ဆောက်ကြမလဲဆိုတာကို ဆရာမရဲ့ ဘဝအတွေ့အကြုံလေးတွေနဲ့ နှိုင်းယှဉ်ပြီး သုံးသပ်ပြထားတဲ့စာအုပ်လို့လည်း သိရပါတယ်။