၂.၁၂.၂၀၂၄
Translated by Htwe Ko Tun
အာဖရိကအနောက်ပိုင်း နိုင်ငံတစ်ခုဖြစ်သော ဂီနီနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော အန်ဇီရီကိုးမြို့တွင် ဒီဇင်ဘာလ ၁ ရက်က ပြုလုပ်သော ဘောလုံးပွဲတစ်ခု၌ ပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားကြရာမှ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားကာ လူတစ်ရာခန့်သေဆုံးခဲ့ရကြောင်းသတင်းများအရ သိရသည်။
အကြမ်းဖက်တိုက်ခိုက်မှုများက အငြင်းပွားဖွယ် ဒိုင်လူကြီး၏ဆုံးဖြတ်ချက်မှ စတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ပရိသတ်များက ကွင်းတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြမှုများကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ထိန်းသိမ်းမှုများပြုခဲ့ရသည်။
ဆရာဝန်တစ်ဦးက “ဆေးရုံရောက်လာတဲ့ အလောင်းတွေကပဲ ဆေးရုံထဲမှာ မျက်စိတစ်ဆုံးရှိတယ်။ ဆေးရုံစင်္ကြန်မှာလည်း ကြမ်းပေါ်မှာ ချထားရတယ်။ ရေခဲတိုက်ထဲမှာပြည့်ကျပ်နေပြီ၊ အားလုံးပေါင်းတော့ သေဆုံးသူ ၁၀၀ လောက်ရှိလိမ့်မယ်” လို့ပြောခဲ့သည်။
မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်က ပရိသတ်၏ဒေါသအား ပို၍ဆွပေးသကဲ့သို့ရှိကာ ဘောလုံးကွင်းထဲသို့ဝင်ရောက်ကုန်ကြသဖြင့် အန်ဇီရီကိုးမြို့၌ ပစ်ခတ်ထိန်းသိမ်းမှုများပြုရသည်အထိ ဖြစ်ခဲ့ရကြောင်း ပြောခဲ့ကြသည်။ ဘောလုံးပွဲက ဂီနီနိုင်ငံ လက်ရှိသမ္မတနှင့် အစိုးရအဖွဲ့အကြီးအကဲ မာမာဒီ ဒွမ်ဘိုရာကို ရည်စူးကျင်းပသည့် ပြိုင်ပွဲမှ ပွဲစဉ်တစ်ခုလည်းဖြစ်သည်။
Ref- Times of India