၁. ၁၂. ၂၀၂၄
Written by Nay Moe
မုံရွာမြို့က နဝရတ်ရွှေဆိုင်ကို ကျပ် သိန်း ၁၅၀၀၀ ကျော်ဖိုး ဓားပြတိုက်မှုမှာ ပါဝင်တဲ့ PDF သုံးဦးကို ထပ်မံဖမ်းမိထားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဥ်က စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်မှာရှိတဲ့ နဝရတ် စိန်၊ ပလက်တီနမ်ရတနာဆိုင်ကို စျေးဝယ်ဟန်ဆောင်ပြီး ရောက်လာတဲ့ PDF ငါးဦးက ဓားပြတိုက်ကာ ဆိုင်ရှိ စိန်ရွှေရတနာပစ္စည်းတွေ ကျပ်သိန်း ၁၅၀၀၀ ကျော်ဖိုးလုံးကို အကုန် လုယက်သွားကြတာပါ။
CCTV မှတ်တမ်းမှာ မျက်နှာဖုံးအုပ်ထားပြီး သေနတ်ကိုင်ထားတဲ့ PDF အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဟာ ဆိုင်ကယ် ၂ စီးနဲ့ရောက်လာပြီး ဆိုင်ထဲကို ဈေးဝယ်သလိုဟန်ပြဝင်လာအပြီးမှာ သေနတ်ပြခြိမ်းခြောက်ကာ ဓားပြတိုက်သွားတာဖြစ်တယ်လို့ သိရပြီး ဒီဓားပြမှုမှာ ဖုန်း(၅)လုံး၊ Laptop(၁)လုံးနဲ့ အိမ်ရှိ စိန်၊ ရွှေ၊ ပလက်တီနမ်နဲ့ အတွင်း ပစ္စည်းအကုန် လုယက်သွားတယ်လို့ သိရပါတယ်။
ဒီဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး မုံရွာပလဖအဖွဲ့က အောက်တို ဘာ ၁၅ ရက်မှာ နဝရတ်ရွှေဆိုင်ဓားပြမှုက တရားခံ PDF သုံးဦးဖြစ်တဲ့ ဗလ(ခေါ်) သန်းကျော်အေး အသက် (၂၉)နှစ်၊ ဇီးကွက်(ခေါ်) ကျော်ထက် အသက် (၂၄)နှစ်၊ ရှမ်းလေး(ခေါ်)ရန်မျိုးနိုင် အသက်(၃၇)နှစ် တို့ကို ဖမ်းမိခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်မှာတော့ တရားခံ PDF အမျိုးသမီးတစ်ဦးဖြစ်တဲ့ မေလရောင်(ခေါ်)အမွှေစိန် အသက်(၂၂)၊ အဘအမည်-ဦးခိုင်လင်းက မုံရွာပလဖထံ လာရောက်အဖမ်းခံခဲ့တာပါ။
အဲဒီနောက် နဝရတ်ရွှေဆိုင်ဓားပြတိုက်မှုဖြစ်စဉ်မှာ ပါဝင်ပြီးကျန်ရှိနေတဲ့ တရားခံများဖြစ်တဲ့ စိုးသူ (ခ) အရှည်ကြီး၊အသက်(၂၄)နှစ်၊၅/ယမပ(နိုင်)၁၅၆၁၅၄၊(ဘ)ဦးစန်းဝင်း ၊ဟိန်းကိုကို(ခ) မိုးညို၊ အသက်(၂၀)နှစ်၊ မပတ မရှိ၊(ဘ) ဦးညို၊ အောင်နိုင်ထွန်း(ခ)တောသား(ခ)အငယ်လေး၊အသက် (၂၅)၊၅/မရန(နိုင်)၃၆၁၆၅၁၊(ဘ) ဦးစန်းလွင်ဦး
တို့ကို ထပ်မံ ဖမ်းဆီးရရှိခဲ့တာပါ။
ဒါပေမဲ့ တရားခံတွေကျန်နေသေးပြီး မုံရွာမြို့နဝရတ်ရွှေဆိုင်ဓားပြတိုက်မှုရဲ့ ဖမ်းဆီးရန်ကျန်ရှိ တရားခံပြေး(၂)ဦးဖြစ်တဲ့ ကတုံးနဲ့ ခိုင်ခိုင်လွင်ကို ဖမ်းမမိသေးတာကြောင့် ဒီတရားခံနှစ်ဦးအနေနဲ့ မုံရွာမြို့နယ်ပလဖအဖွဲ့ ထံ ဆက်သွယ်ကာ လာရောက်အဖမ်းခံဖို့၊ အဖမ်းအဆီး မခံရင် ထွက်ပြေးတိမ်းရှောင်ရာ ဒေသအလိုက် ပစ်မိန့်ပေးမယ်လို့ အသိပေးထားသလို တရားခံတစ်ဦးချင်းထွက်ဆိုချက်တွေကိုလည်း ရုပ်သံနဲ့ ဖော်ပြမယ် ပြောပါတယ်။
နဝရတ်ရွှေဆိုင်က စိန်ရွှေရတနာ ကျပ်သိန်း ၁၅၀၀၀ ကျော်ဖိုးကို လုယက်မှုကျုးလွန်တာက NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က PDF တွေဖြစ်ပြီး ဖော်ထုတ်ဖမ်းဆီးတာက NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်က PDF တွေပါ။ မုံရွာပလဖဟာ တရားခံ ၇ ဦးကို ဖမ်းမိထားတာ နှစ်လနီးပါးဖြစ်လာပေမဲ့ PDF တွေ ဓားပြတိုက်လုယက်သွားတဲ့ ဖုန်း(၅)လုံး၊ Laptop(၁)လုံးနဲ့ အိမ်ရှိ စိန်၊ ရွှေ၊ ပလက်တီနမ် အတွင်းပစ္စည်းအကုန် လုယက်မှုကို နဝရတ်ရွှေဆိုင်ထံ ပြန်မပေးသေးသလို တရားခံတွေနဲ့ပတ်သက်ပြီး တပ်ရင်း၊ တပ်ဖွဲ့အမည်ဆက်လက်မထုတ်ပြန်ရုံတင်မက ဓားပြတွေက PDF တွေလို့ မှတ်ချက်ပေးတာတွေကိုလည်း ဖျက်ပစ်နေတာ တွေ့ရပါတယ်။