၁. ၁၂. ၂၀၂၄
Written by Nyein Kyaw
တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ အမျိုးသား ၈ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြို့ ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူမှုများ ဖြစ်ပွားနေကြောင်း ဒုစရိုက်မှုကို မလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်အချို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့ကြသူများဖြစ်ကြသည့် တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခ)တာလေ ၂၈ နှစ်နှင့် သီဟ ၄၄ နှစ်၊ မကာဟိုခမ်းရပ်ကွက်နေ မိုးနှင်းလျှံ(ခ)ဘဦး ၃၀ နှစ်နှင့် မျိုးဦး(ခ)ဝေယံ ၃၁ နှစ်၊ ရန်အောင်မြေရပ်ကွက်နေ သိန်းထိုက်အောင်(ခ)အရှည်ကြီး ၂၇ နှစ်နှင့် ဝင်းသက်အောင်(ခ)ဝင်းမင်းသန့် ၃၄ နှစ်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက်(ခ)ကုလား ၂၅ နှစ်၊ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက် ၂၈ နှစ်တို့ ၈ ဦးတို့အား ၎င်းတို့၏နေအိမ်အသီးသီး၌ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီး၊ M16 ပုံစံတူ (Air Gun) ၁ လက်၊ ပစ္စတိုသေနတ်အတို (Air Gun) ၁ လက်၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ပြောက်ကျားယူနီဖောင်း ၂ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးတို့အား စစ်ဆေးပေါ်ပေါက်ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ပျောက်ကျားယူနီဖောင်းများ ဝတ်ဆင်ပြီး M16 ပုံစံတူ (AirGun) ၁ လက်၊ ပစ္စတိုသေနတ်(AirGun) ၁ လက်နှင့် ဝင်းသက်အောင်ပိုင်ဆိုင်သည့် Alphard အဖြူရောင်မော်တော်ယာဉ်တို့အား အသုံးပြု၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ အငှားနေအိမ် လိုင်းခန်းတစ်ခုမှ ဖုန်းမျိုးစုံ ၂ လုံးနှင့် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ခန့်အား လည်းကောင်း ခြောက်လှန့်တောင်းယူခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလအတွင်း တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖုန်းမျိုးစုံ ၆ လုံးနှင့် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဆေးခမ်းရပ်ကွက်အတွင်းရှိ နေအိမ် တစ်အိမ်မှ ဖုန်းမျိုးစုံ ၇ လုံးနှင့် ထိုင်းဘတ်ငွေ ၁၄၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ တရားခံ ဖုန်းမျိုးစုံ ၅ လုံးနှင့် ထိုင်းဘတ်ငွေ ၇,၀၀၀ ခန့်အားလည်းကောင်း၊ နိုဝင်ဘာလအတွင်း တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖုန်းမျိုးစုံ ၄ လုံးနှင့် ထိုင်းဘတ်ငွေ ၁၂,၀၀၀ ခန့်အား လည်းကောင်း နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ခြောက်လှန့် တောင်းယူခဲ့ပြီး နေအိမ်ရှိသူများထံမှ ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ထိုင်းဘတ်ငွေ ၇၃,၀၀၀ တို့အား ငါးကြိမ်တိတိ ခြောက်လှန့်တောင်းယူခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ ခြောက်လှန့်တောင်းယူရရှိခဲ့သည့် လက်ကိုင်ဖုန်းများနှင့် ငွေကြေးများအား သိမ်းဆည်းရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နေအိမ်အတွင်းသို့ ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများအား ခြောက်လှန့်တောင်းယူခဲ့ကြသူ ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုတစ်ခုချင်းစီအလိုက် အမှုများ အသီးသီးရေးဖွင့် ဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံမဲကြီးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။